ရေဦးမြို့နယ်ထဲ ကိုးလအတွင်း အသတ်ခံရသူ တစ်ရာနီးပါးရှိလာ

2022.05.01
ရေဦးမြို့နယ်ထဲ ကိုးလအတွင်း အသတ်ခံရသူ တစ်ရာနီးပါးရှိလာ စစ်ကိုင်းတိုင်း၊ ရေဦးနယ်တွင် သေဆုံးသူတွေရဲ့ ရုပ်အလောင်းများအား လူမှုကူညီရေး အသင်းအဖွဲ့မှ ၂၀၂၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က သယ်ဆောင်ခဲ့စဉ်
ဓာတ်ပုံ - ပုညကုသလ လူမှုကူညီရေးအသင်း

ကိုးလအတွင်း သတ်ဖြတ်ခံထားရတဲ့ အလောင်း ၉၈ လောင်းမှာ အများစုက စစ်ကောင်စီ သတင်းပေး ဒလန်လို့ စွပ်စွဲခံရသူတွေ၊ အုပ်ချုပ်ရေးမှူးဆိုသူတွေနဲ့ စစ်ကောင်စီနဲ့ ဆက်နွှယ် နေသူတွေဖြစ်တယ်လို့ ရေဦးမြို့က လူမှုကူညီရေး လုပ်ကိုင်နေသူတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဇူလိုင်လကတည်းက ဒီလို ရုပ်အလောင်းတွေကို တွေ့ရှိနေတာဖြစ်ပြီး အဲဒီထဲမှာ ညောင်နီကန်ရွာ၊ အင်တိုင်းရွာ၊ မကျီးနီအုပ်စု၊ မကျီးတောရွာ၊ စည်သာမြေရွာ၊ မုတ်စီရွာနဲ့ လေးရွာကျေး ရွာတို့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ခုနစ်ယောက်ရဲ့ ရုပ်အလောင်းတွေလည်း ပါဝင်နေပါတယ်။

"ချောင်းဘေးမှာလည်း တွေ့ရတယ်။ တူးမြောင်းထဲမှာလည်း တွေ့ရတယ် အဲဒီလိုမျိုးတွေ"

ပြီးခဲ့တဲ့ ဧပြီလထဲမှာဆိုရင်လည်း ရုပ်အလောင်း ၁၂ လောင်းကို ဆည်နဲ့ တူးမြောင်းတွေထဲ ကနေ ဆယ်ယူခဲ့ရတယ်လို့ ပုညကုသလ လူမှုကူညီရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ဧပြီလအတွင်းမှာတော့ ၁၂ လောင်းပေါ့။ ချောင်းဘေးမှာလည်း တွေ့ရတယ်။ တူး မြောင်းထဲမှာလည်း တွေ့ရတယ် အဲဒီလိုမျိုးတွေ။ တချို့က အကြောင်းကြားပြီးတော့ လာကြည့်တာရှိတယ်။ တချို့လည်း မိသားစုဝင်တွေ ပိုင်ရှင်ပေါ်တာပေါ့။ တချို့လည်း ပိုင်ရှင်မပေါ်တဲ့ဟာတွေ ရှိတယ်ဗျ။ အဲဒီလို ဒဏ်ရာတွေ ဘာတွေလည်းတွေ့ရတာပေါ့။ တချို့အလောင်းတွေက ပုပ်ပွနေတော့ ဆေးရုံက ဆေးစစ်ချက်တွေဘာတွေလုပ်ပြီး ဆေးရုံကမှ ပိုသိမှာဗျ"

သူတို့အဖွဲ့အနေနဲ့ အလောင်းတွေကို ကောက်ယူပြီး ဆေးရုံကို ပို့ဆောင်ပေးတာ၊ ဆေးရုံ ကတစ်ဆင့် သင်္ဂြိုဟ်စက်ကို ကူညီပို့ဆောင်ပေးခဲ့ရတယ်လို့ ပြောပါတယ်။

သေဆုံးသူတွေထဲမှာ စစ်ကောင်စီရဲ့ သတင်းပေး အရပ်ခေါ် ဒလန်လို့ စွပ်စွဲပြောနေကြ သူတွေက အများစု ဖြစ်နေတာ တွေ့ရတယ်လို့ ပြောပါတယ်။

ရွာပေါင်း ၂ဝ က လူတွေရဲ့ ရုပ်အလောင်း ၃၆ လောင်းဟာလည်း အဲဒီဒေသအတွင်းမှာ ဓားဒဏ်ရာ၊ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဒဏ်ရာတွေနဲ့ တွေ့ရတယ်လို့ ဆိုပါတယ်။

နောက်ထပ်တွေ့ရတဲ့ ရုပ်အလောင်း ၅၅ လောင်းမှာလည်း အမည်မသိအလောင်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံတွေရဲ့ ဆန်စပါးတွေကို မတရားသိမ်းဆည်းသွားပြီး တစ်ဆင့်ပြန်ဝယ်ယူကြတဲ့ ပွဲစားတွေ တစ်နည်းအားဖြင့် စစ်ကောင်စီဒေါက်တိုင်တွေ အများစု ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီသေဆုံးသူ ၉၈ ယောက်ဟာ စစ်ကောင်စီနဲ့ ပတ်သက်မှု ရှိ၊ မရှိဆိုတာကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရေဦးမြို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ယောက်ကတော့ ရွာတိုင်းမှာ ကာကွယ်ရေး အဖွဲ့တွေရှိလို့ ဒလန်ရှင်းလင်းရေးကို တိတိကျကျ စစ်ဆေးပြီးမှသာ လုပ်ဆောင်တယ်လို့ ပြောပါတယ်။

“ရွာတိုင်းမှာ PDF၊ ပကဖ တွေရှိတယ်။ အဲဒီကျတော့ ဘယ်သူက ဒလန်လုပ်တယ်ဆို တာကို အချိန်တိုအတွင်းမှာ သိနိုင်တယ်။ စစ်ဆေးလိုက်ရင်လည်း ပေါ်လာမှလုပ်တာပါ၊ ဘယ်လိုမှ ရမ်းသန်းပြီးတော့ ရှင်းလင်းတာမရှိပါဘူး၊ ကျွန်တော်တို့တွေက လောလော ဆယ်မှာ စစ်ကြောင်းထိုးလာတဲ့ အချိန်လောက်သာ အင်အားကြောင့် ခွာရတာ၊ ဆုတ်ရ တာရှိသလို ကျန်တဲ့အချိန်တွေမှာတော့ ရွာတွေတော်တော်များများကို အုပ်ချုပ်ထား နိုင်ပြီ“

ခုလို စစ်ကောင်စီသတင်းပေးဆိုသူတွေကို ရှင်းလင်းခဲ့တဲ့အတွက် ရေဦးနယ်အတွင်းမှာ သတင်းပေးဆိုသူတွေ လျော့နည်းသွားတယ်လို့လည်း ဆိုပါတယ်။

ye-u-dead-body.jpg
စစ်ကိုင်းတိုင်း၊ ရေဦးနယ်တွင် သေဆုံးသူတွေရဲ့ ရုပ်အလောင်းများအား လူမှုကူညီရေး အသင်းအဖွဲ့မှ ၂၀၂၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က သယ်ဆောင်ခဲ့စဉ် (ဓာတ်ပုံ - ပုညကုသလ လူမှုကူညီရေးအသင်း)

စစ်တပ်နဲ့ ဆက်နွှယ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ကလည်း ပါတီဝင်နဲ့ ထောက်ခံသူ ၁၃ဝဝ ကျော်ဟာ ပြီးခဲ့တဲ့ ၂ဝ၂၁ ဖေဖော်ဝါရီကနေ အခုနှစ် မတ်လအတွင်း သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အခုလတ်တလောမှာလည်း သွေးသောက်လို့ အမည်ပေးထားတဲ့ အဖွဲ့တစ်ခုက NLD ပါတီဝင်တွေ၊ ထောက်ခံသူတွေ၊ မိသားစုဝင်တွေ၊ တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့သူတွေနဲ့ သတင်းမီဒီယာတွေကို တိုက်ခိုက်သွားမယ်လို့ ကြေညာထားပြီး တစ်ပတ်အတွင်း မန္တလေးနဲ့ ရန်ကုန်မြို့မှာ လူကိုးယောက် အသတ်ခံခဲ့ရပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ဒီမိုကရေစီအရေး ဆန္ဒပြလှုပ်ရှားသူတွေကို အကြမ်းဖက်ဖြိုခွင်း၊ ဖမ်းဆီးခဲ့တာကြောင့် သေဆုံးခဲ့ရသူတွေဟာ ဧပြီလ ၂၉ ရက်အထိ ၁၈ဝဝ ကျော်ရှိနေတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။