ရေဦး အုတ်ဖိုရွာမှာ မီးရှို့ခံထားရတဲ့ လူလေးဦး အလောင်းတွေ့
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အုတ်ဖိုရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၈ ရက်နေ့ က ဝင်ရောက်လာပြီး မတ်လ ၁ ရက်နေ့ ပြန်ထွက်သွားချိန်မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သားတစ်ဦးတို့ရဲ့ မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အုတ်ဖိုကျေးရွာမှာ အင်အား ၁၂၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေက ဝင်ရောက်တပ်စွဲ နေခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာမှာလည်း အရေးအကြောင်းဆို ခိုလှုံလို့ရအောင် ကတုတ်ကျင်းတွေလည်း တူးထား တယ်။ သူတို့ဝင်လာတော့ အကုန်ထွက်ပြေးကြတာ။ နောက်ရက်တော့ သူတို့မရှိ တော့ဘူးဆိုပြီး ဝင်သွားတာမှာ ဖမ်းပြီးသတ်ခံလိုက်ရတာ။ ရွာတောင်ဘက်အထွက်မှာ တာယာတွေနဲ့ မီးရှို့သတ်သွားတာ”
သေဆုံးသွားသူတွေထဲက ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးဟာ အသက် ၅၂ နှစ်အရွယ် ဦးအောင်ဝင်း၊ အသက် ၂၈ နှစ်အရွယ် ကိုကုလားလေး၊ အသက် ၁၈ နှစ်အရွယ် ကိုထော်ကြီးနဲ့ အရပ်သားကတော့ အသက် ၃၂ နှစ်အရွယ် ကိုနိုင်ဦး ဖြစ်တယ်လို့ ပြောပါတယ်။
ဒီကနေ့မှာလည်း ရွာမသာ၊ နှောကုန်း၊ ကုန်းသာ၊ ရွာသစ်နဲ့ ချမ်းသာရွာတွေဘက်မှာ စစ်ကောင်စီတပ်သားတွေ ရောက်ရှိနေတဲ့အတွက် ဒေသခံ နှစ်ထောင်ခန့် ထွက်ပြေးတိမ်း ရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အုတ်ဖိုရွာဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ကနေ အခုနှစ် မတ်လ ၁ ရက်နေ့အထိ စစ်ကောင်စီရဲ့ လက်ချက်နဲ့ သေဆုံးသူ ၁၅၉၀ ဦးရှိသွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။