မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောမိတဲ့ မှတ်ချက် ဒူတာတေး တောင်းပန်
2018.04.13

ဖိလစ်ပိုင် သမ္မတ ဒူတာတေးက မြန်မာ့တပ်မတော်ရဲ့ ရိုဟင်ဂျာတွေကိုဖြိုခွင်းမှုဟာ လူမျိုးတုံး သတ်ဖြတ်မှုဖြစ်တယ် လို့ ပြီးခဲ့တဲ့သီတင်းပတ်က သူပြောလိုက်တဲ့စကားကို အရွဲ့တိုက်ပြီးပြောလိုက်တာလို့ နားလည်ပေးဖို့ ဒီနေ့ တောင်းပန်လိုက်ပါတယ်။
သူ့နိုင်ငံမှာ မူးယစ်ဂိုဏ်းနှိမ်နင်းတာကို ဥရောပနိုင်ငံတွေက ပြစ်တင်ဝေဖန်နေတဲ့အတွက် သူ့အနေနဲ့ ရွဲ့ပြီးပြော တာလို့ ဒီနေ့ပြုလုပ်တဲ့ ဒါဗိုးမြို့က သတင်းစာရှင်းလင်းပွဲမှာ ဒူတာတေးပြောပါတယ်။
ဥရောပနိုင်ငံတွေက အစိုးရတွေတောင် ရခိုင်ပြည်နယ်ပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ဧပြီလ ၅ ရက်နေ့က အစိုးရအရာရှိတွေကို ပြောတဲ့မိန့်ခွန်းမှာ ဒူတာတေးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဥရောပအစိုးရတွေက သူတို့ဆီမှာ အဲဒီလူတွေကို ပြောင်းရွှေ့အခြေချ နေထိုင်ခွင့်ပေးမယ်ဆိုရင် သူကလည်း အဲဒီဒုက္ခသည်တွေကို ဖိလစ်ပိုင်မှာ လက်ခံထားနိုင်တယ်လို့ အဲဒီနေ့က ပြောခဲ့ပါတယ်။
ဥရောပအစိုးရတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ကို တောက်လျှောက်ဝေဖန်နေတယ်၊ ဒါကြောင့် ကျနော့်အနေနဲ့ ငေါ့ပြီးပြောလိုက်တာလို့ သမ္မတ ဒူတာတေးက ပြောပါတယ်။
သမ္မတရဲ့ တောင်းပန်စကားနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မှတ်ချက်တစုံတစ်ရာ ထွက်မလာသေးဘူးလို့လည်း သိရပါတယ်။