ကျောက်မျက်ဥပဒေ ပုဒ်မ နှစ်ခု ပြင်ဆင်ပေးဖို့ ဆန္ဒပြတောင်းဆို
2016.10.20

မြန်မာ့ ကျောက်မျက်ရတနာဥပဒေကို ပြန်လည်ပြင်ဆင်ပေးဖို့အတွက် လူဦးရေ ၂ သောင်းလောက်ရှိတဲ့ ရေ မဆေးကျောက်ရှာဖွေသူတွေနဲ့ ကျောက်စိမ်းလုပ်ကိုင်သူတွေဟာ ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်က ကျောက်တိုင် ကွင်းမှာ ဒီကနေ့ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ပြည်သူအတွက် အကျိုးမပြုတဲ့ ကျောက်မျက်ဥပဒေ ပုဒ်မ ၄၁ နဲ့ ၄၂ တို့ကို မဖြစ်မနေပြင်ဆင်ပေးဖို့ တောင်းဆို တာဖြစ်တယ်လို့ ဆန္ဒပြပွဲကိုဦးဆောင်သူဖြစ်တဲ့ ဦးသိန်းဝင်း က ပြောပါတယ်။
"ရတနာနယ်မြေပေါ့နော် ကျောက်စိမ်းတွင်းဒေသမှာနေတဲ့ လူတွေအနေနဲ့က ဘယ်လိုမှ ရှောင်လွှဲမရတဲ့ ရိုးရာအသက်မွေးဝမ်းကျောင်းတစ်ခုကို တားမြစ်ပိတ်ပင်တဲ့ ဥပဒေပုဒ်မဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ဒီပုဒ်မကတော့ မဖြစ်မနေ ပြင်ကို ပြင်ပေးရမယ့် ပုဒ်မဖြစ်ပါတယ်၊ အဲဒါကို ကျွန်တော်တို့က တောင်းဆိုတာ"
ဆန္ဒပြသူတွေက စွန့်ပစ်မြေစာပုံမှာ ရေမဆေးရှာဖွေခွင့် ရရှိရေး၊ လွတ်လပ်စွာ ကျောက်စိမ်းကိုင်ဆောင်ရောင်းဝယ် ခွင့် ရရှိရေး၊ အသေးစားနဲ့ တနိုင်တပိုင်တူးဖော်ခွင့် ရရှိရေး၊ ကျောက်မျက်ဥပဒေပုဒ်မ ၄၁ နဲ့ ၄၂ တို့ကို ပြင် ဆင်ပေးရေး စတဲ့ အချက် ၆ ချက်ကို တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။
အသစ်ပြင်ဆင်ထားတဲ့ မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၁ နဲ့ ၄၂ မှာ ခွင့်ပြုချက်မရှိဘဲ ကျောက်မျက် တူးဖော်တာ၊ စမ်းသပ်တိုင်းတာတာနဲ့ အရိုင်းတုံးတွေကို လက်ဝယ်ထားတာ၊ သယ်ယူရောင်းဝယ်တာမလုပ်ဖို့ တားမြစ်ထားပြီး၊ ကျူးလွန်ရင် ထောင်ဒဏ် ၁ နှစ်ကနေ ၇ နှစ်အထိ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်ပါချမှတ်နိုင်တယ်လို့ ဥပဒေမှာပါရှိပါတယ်။
ကျောက်မျက်ဥပဒေကို ဒီနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကနေ ဒုတိယအကြိမ်အဖြစ် ထပ်မံ ပြင်ဆင်ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ဆန္ဒပြပွဲကို လုံးခင်း၊ မှော်စီစာ၊ ဆိပ်မူ၊ ဝှေခါ၊ မမုံ စတဲ့ ဖားကန့်ကျောက်စိမ်းတွင်းဒေသ မှော် ရွာတွေက တပိုင်တနိုင် ရေမဆေးကျောက် တူးဖော်လုပ်ကိုင်သူတွေ၊ ကျောက်ဝယ်ရောင်းသမားတွေ အပါအဝင် ကျောက် စိမ်းလောကသားတွေက ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။