ကျောက်မျက်တင်သွင်းမှု ရပ်ဆိုင်းဖို့ အနောက်နိုင်ငံတွေနဲ့ တရုတ်ကို တောင်းဆို
2023.07.21

မြန်မာနိုင်ငံကနေ သယံဇာတ အမြတ်မထုတ်ဖို့နဲ့ ကျောက်မျက်တင်သွင်းမှုတွေ ရပ်ဆိုင်းပြီး မြန်မာ့ကျောက်မျက်လုပ်ငန်း (MGE) ကို စီးပွားရေးပိတ်ဆို့ဖို့ တရုတ်နဲ့ အနောက်နိုင်ငံတွေကို သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က ဇူလိုင် ၂၁ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ကျောက်စိမ်း၊ သံဖြူနဲ့ မြေရှားသတ္တု တရားမဝင်တူးဖော်မှုတွေ မြင့်တက်နေပြီး၊ ကြေးနီနဲ့ နီကယ် တင်ပို့မှုကရတဲ့ ဝင်ငွေဟာ မြန်မာစစ်တပ်ဆီကို စီးဆင်းနေဆဲဖြစ်တယ်လို့ သွေးစွန်းငွေလှုပ်ရှားမှု Blood money campaign အဖွဲ့က မြန်မာ့သတ္တုနဲ့ ကျောက်မျက်ကဏ္ဍ တင်ပို့မှုတွေကို လေ့လာဆန်းစစ်ပြီး အစီရင်ခံစာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်မှာ ကျောက်မျက်နဲ့ ဓာတ်သတ္တုတင်ပို့မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံနဲ့ ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၆.၂ ဘီလီယံအထိ တိုးတက်လာခဲ့ပြီး၊ တရုတ်နိုင်ငံဟာ သတ္တုတွင်းကဏ္ဍမှာ အကြီးဆုံးကုန်သွယ်ဖက်အဖြစ်ရှိနေဆဲ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက ကျောက်စိမ်းတွေကို ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၁ ဘီလီယံဖိုး နဲ့ ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ လေးဘီလီယံဖိုးထိ ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမေရိကန်၊ ဆွစ်ဇာလန်နဲ့ အီတလီ အပါအဝင် အနောက်နိုင်ငံတွေက ပတ္တမြားနဲ့ ကျောက်မျက်ရတနာတွေကို ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၉၆ သန်းဖိုးနဲ့ ၂၀၂၂ခုနှစ်မှာ ဒေါ်လာ ၇၅ သန်းဖိုး တင်သွင်းခဲ့ကြောင်း၊ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကနေ ကျောက်မျက်ပြပွဲ ငါးကြိမ်ကျင်းပခဲ့ပေမယ့် ရောင်းရငွေ စုစုပေါင်းကို ထုတ်ပြန်ကြေညာတာ မရှိဘူးလို့လည်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
အလားတူပဲ တရုတ်နိုင်ငံကို မြန်မာနိုင်ငံက မြေရှားသတ္တု နဲ့ သံဖြူတင်ပို့မှု တိုးမြင့်နေပြီး၊ အခုနှစ်မှာ မြေရှားသတ္တုတင်ပို့မှု ထပ်တိုးလာဖွယ်ရှိတယ်လို့လည်း အစီရင်ခံစာမှာ သုံးသပ်ဖော်ပြထားပါတယ်။