ပထမဆုံးအကြိမ် ကျောက်မျက်ရတနာ အရောင်းပြပွဲ မြစ်ကြီးနားမှာ ကျင်းပ
2018.03.26

ကချင်ပြည်နယ်မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ကျောက်မျက်ရတနာ အရောင်းပြပွဲကို မြစ်ကြီးနားမြို့မှာ ဒီနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။
အဲဒီလို ကျောက်မျက်ပြပွဲတွေ မကြာခဏ ပြုလုပ်နိုင်အောင် အစိုးရ နဲ့ လုပ်ငန်းရှင်တွေအားလုံးက ဝိုင်းဝန်းကြိုးပမ်းဖို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် က တိုက်တွန်းခဲ့ပါတယ်။
"တူးဖော်ရရှိထားတဲ့ ကျောက်စိမ်းတွေကို ငွေမြန်မြန်ရရှိဖို့ အရေးကြီးတယ်။ ငွေမြန်မြန်ရရှိမှပဲ ဒီ လုပ်ငန်းရှင်အနေ နဲ့ မိမိရဲ့ လုပ်ငန်းတွေကို အကုန်လုံး လည်ပတ်မှာဖြစ်တယ်။ ဒါကြောင့် ဒီနေ့ ကျနော်တို့ မြစ်ကြီးနားမြို့မှာ၊ ကချင်ပြည်နယ်မှာ ပထမဆုံးအကြိမ် ဒီလို ကျောက်မျက်ရတနာပြပွဲကြီးကို ကျင်းပနိုင်ခြင်းဟာ အင်မတန်မှ အကျိုးရှိတဲ့ ဒီလုပ်ငန်းနဲ့ ဆက်စပ်တဲ့ ဒေသခံတိုင်းရင်းသား ပြည်သူများကို အလုပ်အကိုင် ရရှိစေသည်သာမက ဝင်ငွေတိုးတက်ခြင်းကိုလည်း ရရှိပြီးတော့ လူမှုဘဝ၊ စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေနိုင်တဲ့ လုပ်ငန်းဖြစ်တယ်"
ကျောက်မျက်ပြပွဲတွေမှာ ပြသလေ့ရှိတဲ့ ကျောက်စိမ်းအရည်အသွေး အဆင့်အတန်း A B C D ဆိုပြီး ရှိရာမှာ ဒီနေ့ စတင်ကျင်းပတဲ့ ကျောက်မျက်ပြပွဲမှာတော့ C နဲ့ D အဆင့်ရှိတဲ့ ကျောက်တွေကို ခင်းကျင်းပြသရောင်းချနေတာ ဖြစ်ပါတယ်။
ဒီပြပွဲမှာ ရောင်းချနေတဲ့ ကျောက်စိမ်းတွေကို မြန်မာကျပ်ငွေနဲ့သာ ဝယ်ယူခွင့်ရှိတာဖြစ်ပြီး မန္တလေး ကျောက် အရောင်းအဝယ် သမားတွေ အများဆုံး လာရောက်ကြည့်ရှိသလို တရုတ်နိုင်ငံသား တချို့လည်း လာရောက်လေ့လာပါတယ်။
ကမ္ဘာ့အဖိုးတန် ကျောက်စိမ်းဟာ မြန်မာနိုင်ငံ ဖားကန့်ဒေသမှာ အဓိကထွက်ရှိပေမယ့် ကမ္ဘာ့ဈေးကွက်ဝင် ပန်းပု အချောထည်အထိ မထုတ်လုပ်နိုင်ဘဲ အကြမ်းထည်ကိုသာ အဓိကရောင်းချနေရတာကြောင့် ကျောက်စိမ်းဈေးကွက် ဟာ တရုတ်ပြည်မှာသာ အကြီးအကျယ်ဖြစ်ထွန်းနေတာဖြစ်ပါတယ်။
ဒီကနေ့ အခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး တို့လည်း တက်ရောက်ခဲ့ကြပါတယ်။