အကြီးစား ကျောက်မျက် တူးဖော်ထုတ်လုပ်မှုတွေကို ပိတ်ပင်တော့မည်
2018.12.19

အကြီးစား ကျောက်မျက် တူးဖော်ထုတ်လုပ်မှုတွေကို ပိတ်ပင်လိုက်တဲ့ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ မနေ့က အတည်ပြုလိုက်ပါတယ်။
အလတ်စားနဲ့ အသေးစား ကျောက်မျက်လုပ်ကွက်တွေကိုသာ လုပ်ကိုင်ခွင့်ပြုတော့မှာဖြစ်တဲ့အပြင် လိုင်စင်သက်တမ်းကိုလည်း အလတ်စားအတွက် ၃ နှစ် ၂ ကြိမ်နဲ့ အသေးစားအတွက် ၂ နှစ်ကို ၂ ကြိမ်သာ လုပ်ကိုင်ခွင့်ရတော့မှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က RFA ကို ဒီနေ့ ပြောပါတယ်။
ဒါကြောင့် တင်ဒါအောင်ထားတဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ အများဆုံး ၆ နှစ်သာ လုပ်ခွင့်ရတော့မှာလည်း ဖြစ်ပါတယ်။
အရင်က အလတ်စားကို ၃ နှစ် ၃ ကြိမ်နဲ့ ၉ နှစ်လုပ်ကိုင်ခွင့်ပေးဖို့ ထည့်သွင်းထားတာကို ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲပြီး လိုင်စင်သက်တမ်း လျှော့ချလိုက်တာလည်း ဖြစ်ပါတယ်။
မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကြားမှာ သဘောထား ကွဲလွဲနေတဲ့အချက်တွေကို ပြည်ထောင်စုလွှတ်တော်မှာ မနေ့က တစ်ချက်ချင်းဆွေးနွေးပြီး အတည်ပြုလိုက်တာလို့ သိရပါတယ်။
အတည်ပြုလိုက်တဲ့ အဲဒီဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက လက်မှတ်ထိုးပေးပြီးရင် လက်တွေ့ဆောင်ရွက်ဖို့ စတင်အသက်ဝင် လာတော့မှာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။