ဖားကန့်မှာ ဒေသခံ ၇၀ နီးပါး စစ်ကောင်စီတပ်ဖမ်းဆီး
2023.04.21

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဘုံ (မဒဲန်ယန်)ရွာကို အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ဧပြီ ၂၁ ရက် ဒီနေ့ မနက် ၅ နာရီက ဝင်ရောက်စီးနင်းပြီး ဒေသခံ ၇၀ နီးပါးကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားတယ် လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဖမ်းဆီးခေါ်ဆောင် ခံထားရတဲ့ ဒေသခံ ၇၀ နီးပါးအထဲမှာ လူလတ်ပိုင်း အရွယ်တွေ အများဆုံး ပါဝင်ပြီး ကံစီးရွာဂိတ်စခန်းနဲ့ ဆန်ခါရွာထဲကို နှစ်ဖွဲ့ခွဲပြီး ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
လက်ရှိအချိန်အထိလည်း မှော်ဘုံ (မဒဲန်ယန်)ရွာမှာ စစ်ကောင်စီတပ်သား ၁၀ ဦးဝန်းကျင် လောက် ရှိနေသေးပြီး ပစ်ခတ်သံတွေ ကြားနေရတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသား တစ်ဦးက ပြောပါတယ်။
"မနက် ၅ နာရီမှာ ရွာကိုဝင်တယ်။ နေ့လယ် ၁၁ မှာ နှစ်ဖွဲ့ပြန်ထွက်သွားတယ်။ ဖမ်းသွားတဲ့ ဒေသခံကတော့ ၇၀ နီးပါးရှိတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ မပါဘူး။ သယ်နိုင်ပိုးနိုင်တဲ့ သန်သန်မာမာရှိတဲ့ လူလတ်ပိုင်း အရွယ်တွေ ရွေးဖမ်း သွားတာ။ စစ်ကြောင်းက အခု သုံးဖွဲ့ကွဲသွားတာပေါ့။ ကံစီးဘက်ကို ပြန်ထွက်တာ တစ်ဖွဲ့။ ဆန်ခါရွာထဲကို ပြန်ထွက်တာ တစ်ဖွဲ့၊ မှော်ဘုံ (မဒဲန်ယန်)မှာ တစ်ဖွဲ့ ကျန်ခဲ့တယ်"
မှော်ဘုံ (မဒဲန်ယန်)ရွာထဲမှာ အသက်ကြီးရွယ်အို၊ ကျန်းမာရေးမကောင်းသူတွေနဲ့ ကလေး သူငယ်တွေလည်း ပိတ်မိနေပြီး စစ်ကြောင်းက ပစ်ခတ်မှုတွေရှိနေတာကြောင့် ထိခိုက် ဒဏ်ရာရတဲ့သူ ရှိ၊ မရှိဆိုတာကိုတော့ အသေးစိတ်မသိရေသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
မှော်ဘုံ (မဒဲန်ယန်) ရွာမှာ အိမ်ထောင်စု ၂၀၀ ကျော်နဲ့ လူဦးရေ ၇၀၀ ကျော် နေထိုင်ပြီး ရေမဆေးကျောက် ရှာဖွေသူတွေ အများဆုံးနေထိုင်တဲ့ ရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံတွေရဲ့ ဖုန်းတွေကိုလည်း သိမ်းဆည်းသွားတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသမီး တစ်ဦးက ဆိုပါတယ်။
"လမ်းသွယ် ၉ နဲ့ ၁၀ က နေအိမ်တွေကို ဝင်ဖျက်ဆီးတာရှိတယ်။ လမ်းသွယ် ၁၀ ထိပ်က နေအိမ်တစ်လုံးကို မီးရှို့တယ်။ ဒေသခံတွေရဲ့ ဖုန်းတွေကို တစ်အိမ်တက်ဆင်း သိမ်းဆည်းသွားတယ်။ မှော်ဘုံ (မဒဲန်ယန်) ရွာက KIA၊ KPDF ကို ထောက်ပို့တွေ လုပ်ပေး နေတယ်လို့ သတင်းတွေ ထွက်နေတာပေါ့။ ရွာကို တစစီဖြစ်အောင်လုပ်မယ်လို့ စစ်ကောင်စီဘက်က ကြိမ်းဝါးနေတာ ကြာပါပြီ။ အဒါကြောင့် ဝင်မွှေနေတာလို့ ထင်တယ်"
ဖမ်းဆီးခဲ့တဲ့ ဒေသခံတွေကို မှော်ဘုံ (မဒဲန်ယန်) ရွာ အလယ်မှာ "NUG၊ PDF အလိုမရှိ" ဆိုတာကို ကြွေးကြော်ခိုင်းကာ စစ်ကောင်စီတပ်ဘက်က ဗီဒီယိုရိုက်ကူးသွားတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ဒေသခံတွေ ဖမ်းဆီးခေါ်ဆောင်ခံထားရတဲ့ အခြေအနေကို သိရဖို့ ကချင်ပြည်နယ်၊ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က ဖားကန့်မြို့နယ် ဆိုင်းဖရာရွာမှာလည်း စစ်ကောင်စီက ဒေသခံ ၅၀ နီးပါးကားနဲ့ ဖမ်းဆီးခေါ်ဆောင်သွားရာမှာ KIA က မိုင်းဆွဲ တိုက်ခိုက်လိုက် တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ် ခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။