ဖားကန့်မှာ နှစ်လအတွင်း လူတစ်ရာကျော် ဖမ်းဆီးခံရ

RFA Burmese
2023.03.10
ဖားကန့်မှာ နှစ်လအတွင်း လူတစ်ရာကျော် ဖမ်းဆီးခံရ ကချင်ပြည်နယ် ဖားကန့်မြို့အား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လတည်းမှာပဲ စစ်ကောင်စီတပ်က လူတစ်ရာကျော်ကို ဖမ်းဆီးခဲ့ပြီး အဲဒီလို ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ အရပ်သားပြည်သူတွေကို အမြန်ဆုံး ခြွင်းချက်မရှိ လွှတ်ပေးဖို့ ကချင်လူ့အခွင့်ရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (KHRW) မတ်လ ၁၀ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

လက်တွေ့မှာ ဖမ်းဆီးခံရသူတွေ ဒီထက်ပိုမိုများနိုင်ပြီး ဖမ်းဆီးခံထားရသူတွေ အမြန်ဆုံးလွှတ်ပေးရေး၊ ဆက်လက်ဖမ်းဆီးနေတာတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ ဒီလုပ်ရပ်ကို နိုင်ငံတကာအဖွဲ့အစည်းတွေက အရေးယူပေးရေး ထုတ်ပြန်ခဲ့တာပါ။

ဖားကန့်မြို့နယ်ထဲမှာ စားနပ်ရိက္ခာနဲ့ စက်သုံးဆီ သယ်ယူပို့ဆောင်ခွင့်တွေ တားဆီး ပိတ်ပင်ခံရလို့ ပြည်သူတွေ အခက်ကြုံနေရသလို ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့ကနေ ဒီနေ့အချိန်ထိ အင်တာနက်ဖြတ်တောက်ထားပြီး အရပ်သားပြည်သူတွေရသင့်တဲ့ အခြေခံလူ့အခွင့်အရေးတွေလည်း ချိုးဖောက်ခံနေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ စစ်ရေး၊ လုံခြုံရေးနဲ့ ပတ်သက်တာတွေကို သူ့အနေနဲ့ မသိရှိဘူးလို့ RFA ကို ဖြေဆိုထား ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး သိပ်မကြာခင် ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ ဖားကန့်မြို့နယ်မှာ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကစပြီး ဒေသခံတွေနဲ့ ရေမဆေး ကျောက်တူးသမားတွေကို စစ်တပ်က ဖမ်းဆီးတာ ပိုများလာသလို၊ စစ်တပ်နဲ့ KIA ကြား တိုက်ပွဲတွေလည်း ပိုစိပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်ကနေ ၈ ရက်နေ့အတွင်း ဖားကန့်မြို့ပေါ်နဲ့ မြို့အနီးကျေးရွာတွေက အရပ်သား ၂၀၀ နီးပါး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီထဲက တချို့ ပြန်လွတ်လာပေမယ့် လက်ရှိအချိန်ထိ လူ ၄၀ နီးပါး ဖမ်းဆီးခံထား ရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။