ဖားကန့်မှာ မြေစာပုံပြိုကျပြီး နှစ်ဦးသေ ငါးဦးဒဏ်ရာရ
2023.02.13

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကုဋေကျေးရွာအနီးမှာ ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၁၀နာရီဝန်းကျင်မှာ မြေစာပုံပြိုကျတာကြောင့် ရေမဆေးကျောက်ရှာဖွေသူ နှစ်ဦး သေဆုံးကာ ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၄၀ အရွယ် ကိုစိုးလင်းနဲ့ အသက် ၃၀ ကျော်အရွယ် ကိုမင်းနိုင်ဦး (ခေါ်) ကိုနိုင်နိုင် တို့ သေဆုံးခဲ့တာပါ။ နောက်ထပ် ဒဏ်ရာရသူ ငါးဦးကိုတော့ ဖားကန့်မြို့နယ်ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီမြေစာပုံဟာ အဲဗားဝင်းနားကုမ္ပဏီက မြေစာသွန်တဲ့ နေရာဖြစ်ပြီး အမြင့်ပေ ၄၀၀ နီးပါးရှိတယ်လို့ ဖားကန့်မြို့မှာ နေထိုင်တဲ့ ကိုသိန်းဆွေက ပြောပါတယ်။
"မနေ့က ည ၁၀ နာရီလောက်ထဲက မြေပြိုတာပေါ့၊ အခုမနက်အထိ ရှာနေကြတုန်းပဲ။ ကုမ္ပဏီကို အကူအညီတောင်းပြီး ဘက်ဟိုးတွေငှားပြီး တူးကြည့်တာ၊ ဒဏ်ရာရတယ် ဆိုတဲ့ ငါးဦးနဲ့ သေဆုံးသွားတဲ့ နှစ်ဦး ထွက်လာတာပေါ့၊ သူတို့ပြောပြချက်အရဆိုရင် အထဲမှာလည်း လေးငါးခြောက်ဦးလောက်တော့ ကျန်မယ်ထင်တယ်။ ကျနော်တို့လည်း အဲဒီနား မရှိတော့ ခန့်မှန်းရခက်တယ်"
ဒဏ်ရာရတဲ့ ရေမဆေးသမား ငါးဦးဟာ အဆုတ်ထဲထိ မြေစာမှုန့်တွေ ဝင်သွားသလို၊ ခန္ဓာကိုယ်အနှံ့လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူနှစ်ဦးရဲ့ လိပ်စာမသိရသေးတာကြောင့် နာရေးကူညီမှုအသင်းတွေကနေတစ်ဆင့် သူတို့မိသားစုကို ဆက်သွယ်နေတယ်လို့ ဆိုပါတယ်။
ယခုနှစ် ဇန်နဝါရီ ၃၀ ရက်ကလည်း ဖားကန့်မြို့နယ်၊ နမ့်မှော်ရွာအနီးက ဆန်းရွှင်ကုမ္ပဏီ လုပ်ကွက်ဟောင်းထဲက မြေစာပုံပြိုကျတာကြောင့် ရေမဆေးကျောက်ရှာဖွေသူ လေးဦး သေဆုံးခဲ့ပါတယ်။