ဖားကန့်မြို့က လိုရင်ယူ ပိုရင်လှူ လှုပ်ရှားမှု

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ပထမဆုံးအကြိမ်အဖြစ် အခြေခံလူတန်းစားတွေကို ရည်ရွယ်ပြီး လိုရင်ယူ၊ ပိုရင်လှူ လှုပ်ရှားမှုကို ဆရာဝန်တစ်ဦးနဲ့ ကျူရှင်ဆရာတစ်ဦးတို့က မတည်ကာ မော်ဝမ်းရပ်ကွက်စျေးမှာ ဒီနေ့ ဧပြီတစ်ရက်နေ့က စတင်လှုပ်ရှားခဲ့ပါတယ်။
ဖားကန့်မြို့ပေါ်ရပ်ကွက်များကို အလှည့်ကျအလိုက် လိုရင်ယူ၊ ပိုရင်လှူ လှုပ်ရှားမှုကို စတင်သွားမှာဖြစ်တယ် လို့ ဦးဆောင်သူတွေက ဆိုပါတယ်။
ဒီနေ့မှာတော့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ အာလူး၊ ကြက်ဥ၊ ကန်စွန်းရွက်နဲ့ ငှက်ပျောသီးများကို ပေးလှူခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက ပြည်သူလူထုအများစု အလုပ်ကိုင် ရှားပါးလာပြီး အခြေခံစားဝတ်နေရေး အဆင်မပြေမှုတွေ တိုးပွာလာတာကြောင့် လက်လုပ်လက်စား အခြေခံလူတန်းစားများမှာ နေ့စဉ် စားဝတ် နေရေး ခက်ခဲလာလို့ မြန်မာပြည်အရပ်ရပ်မှာ လိုရင်ယူ၊ ပိုရင်လှူ လှုပ်ရှားမှုများကို လူတချို့ ဦးဆောင်လာတာ တွေ့ရပါတယ်။
ဒီလှုပ်ရှားမှုမှာ စီးပွားရေးအဆင်ပြေသူများက လှူဒါန်းကြပြီး စားဝတ်နေရေး ကျပ်တည်းခက်ခဲကြတဲ့ အခြေခံ လူတန်းစားများအဖို့ ကူညီရာရောက်တယ်လို့ ဦးဆောင်လှုပ်ရှားသူများက ဆိုပါတယ်။