ဖားကန့် လေကြောင်းတိုက်ခိုက်မှု ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတစ်ရာကျော် ကန့်ကွက်

ကချင်ပြည်နယ်၊ ဖားကန့်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ရမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရတွေအပါအဝင် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း တစ်ရာကျော်က ကန့်ကွက်ကြောင်း စာတွေ ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ညက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ(၉) ထိန်းချုပ် နယ်မြေ အနန့်ပါမှာကျင်းပနေတဲ့ (၆၂) နှစ်မြောက် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) နေ့ အထိမ်းအမှတ်ပွဲအကြို တေးဂီတ ဖျော်ဖြေပွဲလုပ်နေချိန် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ၊ မြန်မာ နိုင်ငံအခြေစိုက် သံရုံး ၁၆ ခု၊ တိုင်းရင်းသားအရေး၊ ဘာသာရေး ဆောင်ရွက်နေတဲ့ ကောင်စီ လေးခု၊ တိုင်းရင်းသား လက်နက်ကိုင် အ ဖွဲ့ အစည်း ကိုးခု၊ NUCC၊ CRPH အဖွဲ့အစည်း သုံးခု၊ NUG လက်အောက်ခံ အဖွဲ့အစည်းငါးခု၊ နိုင်ငံရေးပါတီနှစ်ခု၊ PDF ၂၅ ဖွဲ့၊ သပိတ် ကော်မတီ ၂၇ ခုနဲ့ အရပ်ဘက်အဖွဲ့အစည်း ရှစ်ဖွဲ့တို့က စာထုတ်ပြန် ကန့်ကွက်ခဲ့တာပါ။
NUG နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ကန့်ကွက်စာတွေအရ စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ကြပြီး ဆက်လက် တွန်းလှန်တိုက်ခိုက်သွားမယ်လို့ ဆိုထားပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေကတော့ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကို ထပ်မံ ကျူးလွန်တာ၊ ဒဏ်ရာရရှိသူတွေကို ဆေးကုသခွင့် မပေးတာနဲ့ အခုလို အရပ်သားတွေပါ ပါဝင်နေတဲ့အတွက် စစ်ရာဇဝတ်မှုဖြစ်တာ၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တဲ့ လုပ်ရပ် တွေကြောင့် စစ်ကောင်စီကို ဝိုင်းဝန်းရှုတ်ချခဲ့ကြပါတယ်။
ဒီဖြစ်ရပ်မတိုင်ခင် အောက်တိုဘာလ ၁၂ ရက်နေ့က အရပ်သားသုံးဦး သေဆုံးခဲ့တဲ့ မွန် ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီတော် တောင်ခြေက စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရတဲ့ကိစ္စအတွင်း စစ်ကောင်စီပိုင် သတင်းစာတွေမှာအပြည့် ကန့်ကွက်ကြောင်း ဖော်ပြခဲ့တဲ့ အဖွဲ့တွေကတော့ လူ ၆၀ ကျော် သေဆုံးတဲ့ အခုကိစ္စကို နှုတ်ဆိတ်နေကြပါ တယ်။
ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေဟာ အရပ်သားတွေလို့ ပြောဆိုနေကြတာဟာ ကောလာဟလသတင်းမှားတွေ ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပြီး သူတို့ ဘက်က စစ်ရေးပစ်မှတ်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
KIO/KIA ကတော့ စစ်ကောင်စီရဲ့တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ RFA ကို ပြောဆိုထားပါတယ်။
KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ လက်ရှိအချိန်အထိ သေဆုံးသူ ၆၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၁ ဦးရှိခဲ့တယ်လို့ RFA ကို ဒီနေ့ ပြောပါတယ်။