KIO နှစ်ပတ်လည်အခမ်းအနားကို ဗုံးကြဲတိုက်ခိုက်မှု IKO ပြင်းပြင်းထန်ထန်ကန့်ကွက်

KIO ရဲ့ နှစ်ပတ်လည်အကြို အခမ်းအနားကို ကျင်းပနေတဲ့နေရာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနဲ့ လူ့အခွင့် အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးဖို့ နိုင်ငံတကာ ကရင်အဖွဲ့အစည်း IKO က မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
IKO အဖွဲ့ဟာ KIO နဲ့အတူ စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီး ဝါဒီတို့ရဲ့ အဖိနှိပ်ခံဘဝ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားညီနောင်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့က ကချင်လွတ်မြောက်ရေး အဖွဲ့ KIO ရဲ့ ၆၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၃ စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၇၀ နီးပါး သေဆုံးပြီး ဒဏ်ရသူ အများအပြားရှိခဲ့ပါတယ်။
စစ်ကောင်စီဘက်ကတော့ အခုလို လေကြောင်းအသုံးပြုတိုက်ခိုက်တဲ့အပေါ် ပြည်သူ တစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ငြင်းဆိုပြီး အခုသေဆုံးဒဏ်ရာရသူတွေဟာ KIA နဲ့ PDF တွေဖြစ်ကြောင်း စစ်ကောင်စီပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းမီဒီယာတွေကို ပြောထားပါတယ်။
KIA အနေနဲ့ အကြမ်းဖက်အဖြစ် ကြေညာထားတဲ့ PDF တွေကို သင်တန်းပေးတာတွေ လက်နက်ထောက်ပံ့တာတွေအပြင် စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုက်ခိုက်မှုတွေ လုပ်တာကြောင့် ပြန်တိုက်ခိုက်တာလို့ ပြောထားပါတယ်။
KIO နှစ်ပတ်လည် အခမ်းအနားကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုအပေါ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်အဖွဲ့တွေနဲ့ နိုင်ငံတကာက ပြင်းပြင်းထန်ထန့်ရှုတ်ချကန့်ကွက်ခဲ့ကြပါတယ်။