လူထုအသံဖော်ထုတ်ရေး လှုပ်ရှားမှု စတင်

နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး၊ တွေ့ဆုံ ဆွေးနွေးရေးနဲ့ ပြည်တွင်းစစ် ရပ်စဲရေးတွေအတွက် လူထုအသံ ဖော်ထုတ်ဖို့ လူငယ်ကွန်ရက် အဖွဲ့တွေက လက်မှတ်ရေးထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုတခု စတင်နေပြီလို့ သတင်းရရှိပါတယ်။

2011.04.18
NLD_21st_anniversary_305_z ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်ဌာနချုပ်ရုံးတွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၂၁ နှစ်မြောက် အခမ်းအနားတွင် လက်ချင်းချိတ်ဆက်ထားသော NLD အဖွဲ့ဝင်များ ဖြစ်ပါသည်။
AFP

ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးဆောင် လှုပ်ရှားသူတဦးဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ကိုဖြိုးမင်းသိန်းက RFA ကို အခုလို ပြောပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ မြန်မာ့ နိုင်ငံရေး ပြဿနာတွေကို တွေ့ဆုံ ဆွေးနွေး အဖြေရှာကြဖို့နဲ့ ပြည်တွင်းစစ် အမြန်ဆုံး ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေးတခုအတွက် တွေ့ဆုံ ဆွေးနွေးကြဖို့ပေါ့။ ဒါတွေကို ကျွန်တော်တို့ကနေပြီးတော့ လက်မှတ်ရေးထိုးပြီး တောင်းဆိုတဲ့ ဥစ္စာတွေကို ကျွန်တော်တို့ ဆောင်ရွက်နေတာပါ။”

ဒီလှုပ်ရှားမှုမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကနေစပြီး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ အပါအဝင် မြန်မာနိုင်ငံ အပြောင်းအလဲကို လိုလားသူတွေ ပါဝင် လက်မှတ် ရေးထိုးနေကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဆင်းရဲငတ်မွတ်မှုနဲ့တကွ ပိုမိုဆိုးရွားလာတဲ့ အခြေအနေတွေကို အချိန်မီ တားဆီးနိုင်အောင် နိုင်ငံရေးအရ ဖြေရှင်းဖို့ လိုအပ်နေတာကြောင့် အခုလို ဆောင်ရွက်ရတာ ဖြစ်ကြောင်း ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

“အခု ကျွန်တော်တို့ တိုင်းပြည်တွင်း အခြေအနေက အတော်လေးကို ဆိုးတယ်။ ၃၂ ရာခိုင်နှုန်းလောက် ဆင်းရဲ မွဲတေမှု ဖြစ်နေတော့ သုံးယောက်မှာ တယောက်လောက်က ငတ်နေတဲ့ သဘောရှိတယ်ပေါ့ဗျာ။ အခု ကျွန်တော်ပြောတဲ့ ၃၂ ရာခိုင်နှုန်းဆိုတာ မနှစ်က အာဆီယံ ဒေတာတွေပေါ်က ပြောတာဗျာ။ ဒီနှစ်ဆိုရင် နည်းနည်း ပိုများလာနိုင်တယ်။ ပိုများလာနိုင်တော့ ကျွန်တော်တို့ တိုင်းပြည်မှာ အချိန်မရွေး အခြေအနေတခု ဖြစ်နိုင်တယ်။ အဲဒီ အခြေအနေကို စိုးရိမ်တယ်ဗျ။”

ရရှိလာတဲ့ လက်မှတ်တွေကို သမတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဆီ ပေးပို့မယ်လို့ ပြောပါတယ်။ ဒါ့အပြင် အခုလာမဲ့ ရက်ပေါင်း ၃၀ အတွင်း ပြည်သူလူထုဆီက လက်မှတ်တွေ ရနိုင်သမျှ ရအောင် စုဆောင်းသွားမယ်လို့လည်း ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

လူထုအသံ ဖော်ထုတ်တဲ့ လက်မှတ်ရေးထိုး တောင်းဆိုလှုပ်ရှားမှုတခုကို လူငယ် ကွန်ရက်အဖွဲ့တွေက စတင်နေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဦးဆောင် လှုပ်ရှားသူတဦးဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသား ကိုဖြိုးမင်းသိန်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-04-18 22:39

WE WENT DEMOCRACY AND UNITY