လူမျိုးရေးခွဲခြားခေါ်ဝေါ်တာ ကန့်ကွက်တဲ့ လူမှုကွန်ရက်လှုပ်ရှားမှု

ရဲခေါင်မြင့်မောင်
2020.06.12

ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး မြန်မာနိုင်ငံက အိန္ဒိယနွယ်ဖွား လူငယ်တစ်စုဟာ (Don’t call me Kalar) ဆိုတဲ့ လှုပ်ရှားမှုတစ်ခုကို လူမှုကွန်ရက်ပေါ်မှာ စတင်ခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့  လူမျိုးရေး ခွဲခြားမှုဆန့်ကျင်တဲ့  (Black Lives Matters) လှုပ်ရှားမှုကို နမူနာယူပြီး  မိမိတို့ကို "ကုလား" လို့ ရည်ညွှန်း ခေါ်ဝေါ်နေကြတာကို မကြိုက်ကြောင်း ဒီလှုပ်ရှားမှုကနေ အများသိအောင် ပြသဖို့ ရည်ရွယ်တာလို့ ဒီလူငယ်တွေက ပြောပါတယ်။

မကြာသေးခင်ကမှ မြန်မာနိုင်ငံက လူငယ်အချို့ဟာ ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သူတို့ရဲ့  Profile Picture တွေ နေရာမှာ Don’t call me Kalar, Don’t call me Kalarma နဲ့ I Don’t call someone Kalar or Kalarma စတဲ့ စာတန်းပါ ဓါတ်ပုံတွေ တင်ပြီး ဒီလှုပ်ရှားမှုကို စတင်ခဲ့တဲ့နောက် သူတို့ကို ထောက်ခံသူအချို့ကလည်း အလားတူ လိုက်လုပ်ပြီး အားပေးထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုကို စတင်ခဲ့တဲ့ လူငယ်တစ်ဦးဖြစ်တဲ့ ရန်ကုန်မြို့က ကိုဇေလင်းမွန်က ခုလို မြန်မာနိုင်ငံမှာ အိန္ဒိယ နွယ်ဖွားတွေကို ‘ကုလား’ လို့ခေါ်ဝေါ်ပြောဆိုနေကြတာဟာ  တစ်ဖက်သားကို နှိမ့်ချပြီး ဆက်ဆံလိုတဲ့ သဘောထားပါ၀င်နေတဲ့အတွက် ဒီလိုခေါ်တာကို မကြိုက်ကြောင်း ပြသဖို့ အခုလို စလုပ်ခဲ့တာလို့ ပြောပါတယ်။

ဒီလှုပ်ရှားမှုကို စတင်လုပ်ဆောင်ခဲ့တဲ့ အခြား လူငယ်တစ်ဦးဖြစ်တဲ့ မဆုရတနာထွန်းက ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ အားပေးထောက်ခံသူတွေ ရှိနေပေမယ့်၊ ကာယကံရှင်တွေ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ဒီဝေါဟာရကို ဆက်ခေါ်မယ်လို့ တုံ့ပြန်သူတွေက အများစုဖြစ်နေတယ်လို့ ပြောပြပါတယ်။

ဒီ ကုလားဆိုတဲ့ အခေါ်အဝေါ်နဲ့ ပတ်သက်ပြီး မတူကွဲပြားတဲ့ အယူအဆတွေ ရှိနေပေမယ့် ခုလို လှုပ်ရှားမှုတစ်ခုလုပ်ပြီး ထုတ်ပြောလာကြကြောင့် လူထုကြားမှာ ဆွေးနွေးငြင်းခုန်မှုတွေ ဖြစ်လာပြီး၊ အပြုသဘောဆောင်တဲ့ ရလဒ်မျိုး ထွက်လာနိုင်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုနစ်ကီ ဒိုင်းမွန်းက ပြောပါတယ်။

ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ မိမိကို မကြိုက်တဲ့ နာမည်နဲ့ ခေါ်ဝေါ်သုံးနှုန်းတာကို မကြိုက်ကြောင်း ထုတ်ပြောလာရင် ထပ်မခေါ်ဖို့ တာဝန်ရှိတယ်လို့လည်း ကိုဇေလင်းမွန်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ တောင်အာရှဒေသက လာသူတွေကို လူမျိုးမရွေး ဘာသာမရွေး ကုလားလို့ ခေါ်ဝေါ်သုံးနှုန်းလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီး၊ မြန်မာစာ၊ မြန်မာစကားနဲ့ မြန်မာ့ ယဉ်ကျေးမှုမှာ အမြစ်တွယ်နေတဲ့ ဝေါဟာရတစ်ခုဖြစ်ပေမယ့် ဒီအသုံးအနှုန်းဟာ အိန္ဒိယနွယ်ဖွားတွေအပေါ် မလိုမုန်းတီးမှုတွေ ဖြစ်ပေါ်စေတဲ့အတွက် အခုလို ရှောင်ကြဉ်သင့်တာဖြစ်တယ်လို့ လှုပ်ရှားမှုကို လုပ်နေတဲ့ လူငယ်တွေက ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။