ရန်ကုန်အခြေစိုက် နိုင်ငံရေးလှုပ်ရှားသူ နှစ်ဦး ဖမ်းဆီးခံရ

RFA Burmese
2024.10.10
ရန်ကုန်အခြေစိုက် နိုင်ငံရေးလှုပ်ရှားသူ နှစ်ဦး ဖမ်းဆီးခံရ ရန်ကုန်မြို့တွင်းတစ်နေရာတွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ ညပိုင်းက ပြုလုပ်သည့် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲမြင်ကွင်း။
ဓာတ်ပုံ - စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု/Facebook

စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု (AJAY)က ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုပိုင်ဖြိုးမင်း အောက်တိုဘာ ၉ ရက်နေ့ညက ဖမ်းဆီးခံလိုက်ရပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတာကြောင့် အလွန်အမင်းစိုးရိမ်ကြောင်း AJAY က ကြေညာချက်ထုတ်ပြန်ပါတယ်။

ကိုပိုင်ဖြိုးမင်းကို ရန်ကုန်တိုင်း သာကေတမြို့နယ်ကနေ ဖမ်းဆီးသွားပြီးနောက်ပိုင်း ဘာသတင်းမှမကြားရတာကြောင့် အသက်အန္တရာယ် စိုးရိမ်တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက ကိုနန်းလင်းက RFA ကို ပြောပါတယ်။ 

"ကိုပိုင်ဖြိုးမင်းဟာ မနေ့ကည ၁၂ နာရီခွဲလောက်မှာ ဧည့်စာရင်းဝင်စစ်နိုင်တယ်ဆိုတဲ့ သတင်းပေးပို့ချက်ပို့ပြီးနောက်ပိုင်း အဆက်အသွယ်ပြတ်သွားပါတယ်။ ကျွန်တော်တို့ နောက်ဆုံးသိရတဲ့ အနေအထားတွေအရတော့ ကိုပိုင်ဖြိုးမင်းကို သူနေတဲ့နေရာကို ဧည့်စာရင်းအကြောင်းပြပြီး မတရားဝင်ရောက်ဖမ်းဆီးတယ်လို့ ကောက်ချက်ချလို့ရပြီဖြစ်ပါတယ်။ ကိုပိုင်ဖြိုးမင်းဟာ ရန်ကုန်သပိတ် လူထုလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့မှ တကယ်ကို ဦးစီးဦးဆောင်လုပ်နေတဲ့သူ တကယ့်ကို ရွပ်ရွပ်ချွံချွံနဲ့ ရဲရဲဝံ့ဝံ့ ဆောင်ရွက်နေတဲ့သူ ဖြစ်ပါတယ်။ မနေ့ကဖမ်းဆီးသွားတဲ့ ကျွန်တော်တို့ရဲဘော်တွေရဲ့ အသက်အန္တရာယ် စိုးရိမ်တယ်ဆိုတာလည်း သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်"

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဧည့်စာရင်း အကြောင်းပြပြီး ကိုပိုင်ဖြိုးမင်းကို ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ကြောင်းလည်း အောက်တိုဘာ ၁၀ ရက်နေ့ထုတ် AJAY ကြေညာချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

အလားတူ နိုင်ငံရေးလှုပ်ရှားသူ ကိုရှိန်းဝေအောင်လည်း ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ပြောထားပါတယ်။

ရန်ကုန်မြို့မှာ အောက်တိုဘာ ၉ ရက်က ဖမ်းဆီးခံလိုက်ရတဲ့ ကိုပိုင်ဖြိုးမင်း၊ ကိုရှိန်းဝေအောင်တို့နဲ့ မိသားစုအဆက်အသွယ်မရဘဲဖြစ်နေပြီး သူတို့နှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရမယ့် အန္တရာယ်ရှိနေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က အောက်တိုဘာ ၁ဝ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

သူတို့ကို စစ်ကြောရေးစခန်းခေါ်သွားတယ်လို့ AI က သိရှိနားလည်ထားပြီး နောက်ထပ် ခြောက်ယောက်လည်း ဖမ်းဆီးခံရထားတယ်လို့ ယုံကြည်ရကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံမှာ အာဏာသိမ်းပြီးနောက်ဆက်တွဲ မြန်မာနိုင်ငံရဲ့ပဋိပက္ခအကျပ်အတည်းတွေအတွက် အဖြေရှာရေး အာဆီယံခေါင်းဆောင်တွေ ဆွေးနွေးနေချိန်မှာ စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာ မတရားဖမ်းဆီးတာတွေ ဆက်လုပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်သူမှန်သမျှ နှစ်ရှည်ထောင်ဒဏ်ကျခံရတာ၊ နှိပ်စက်ညှဉ်းပန်းခံရတာတွေအပြင် ဖမ်းဆီးခံရချိန် သေဆုံးရတာတွေလည်း ရှိတယ်လို့ AI မြန်မာ့ရေးရာသုတေသီ Joe Freeman က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုပိုင်ဖြိုးမင်းဟာ သံချပ်ထိုးမှုနဲ့ ၂ဝ၁၉ မှာ ထောင်ဒဏ် ခြောက်နှစ်ချမှတ်ခံရပြီး ၂ဝ၂၁ ခုနှစ်မှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်မြောက်လာသူဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွဲတဲ့ အန္တရာယ်တွေကြားမှာပဲ ရန်ကုန်မြို့က ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားဟောင်း ကိုရှိန်းဝေအောင်ဟာလည်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေမှာ ပါဝင်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ပံ့ပိုးနေသူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။