အကျဉ်းကျနေတဲ့ ကျောင်းသား၊ ကျောင်းသူ ၁၃၈ ယောက် ရှိကြောင်း AAPP ထုတ်ပြန်

RFA Burmese
2023.07.04
အကျဉ်းကျနေတဲ့ ကျောင်းသား၊ ကျောင်းသူ ၁၃၈ ယောက် ရှိကြောင်း AAPP ထုတ်ပြန် ထောင်ဒဏ်များချမှတ်ခံထားရသည့် ဒဂုံတက္ကသိုလ်ကျောင်းသူ မဝတ်ရည်အောင်နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ကိုထက်ပိုင်စိုး။
ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ

စစ်တပ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၃၈ ယောက် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇူလိုင် ၄ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရပြီး ထောင်ဒဏ်တွေ ချမှတ်ခံထားရသူတွေထဲမှာ ကျောင်းသူ ၃၁ ယောက်၊ ကျောင်းသား ၁၀၇ ယောက် ပါဝင်ပါတယ်။

အဲဒီထဲမှာ ရန်ကုန်တိုင်းက ၆၅ ယောက်နဲ့ အများဆုံး အဖမ်းခံရတာဖြစ်ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေဟာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံနေရတာဖြစ်ပါတယ်။

ဇွန်လ ၃ဝရက်နေ့က ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ဖြစ်တဲ့ တတိယနှစ်ကျောင်းသား ကိုထက်ပိုင်စိုးဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည) နဲ့ အလုပ်နဲ့ ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခံခဲ့ရပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသူ မဝတ်ရည်အောင်ကိုတော့ ဇွန်လ ၂၇ ရက်နေ့က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ ထောင်လေးနှစ် ချမှတ်ခဲ့ပါတယ်။ သူဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅ (က)နဲ့ ထောင် သုံးနှစ်ချမှတ်ခံထားရတာကြောင့် စုစုပေါင်း ထောင် ခုနစ်နှစ် ကျခံရမှာဖြစ်ပါတယ်။

AAPP ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂ဝ၂၃ ခုနစ် ဇူလိုင် ၄ရက်နေ့အထိ နိုင်ငံတစ်ဝန်း အဖမ်းခံရသူ ၂၃,၆၇၄ ရှိပြီး အဲဒီထဲမှာ ၆,၆၄၅ ယောက်က ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။