စာဖတ်ရှိန်မြှင့်မားဖို့ လှုပ်ရှား
2016.05.28

အစိုးရစာသင်ကျောင်းတွေမှာ စာကြည့်တိုက်လေ့လာရေးအခန်းကဏ္ဍ အားနည်းခဲ့မှုတွေကြောင့် ကျောင်းသားလူငယ်တွေစာဖတ်လေ့လာတာတွေ အားနည်းကြတာဖြစ်တယ်လို့ စာဖတ်ရှိန်မြှင့်တင် ရေးလှုပ်ရှားမှု ဦးဆောင်တဲ့ စာကြည့်တိုက်များကွန်ယက်အဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျင်းပခဲ့တဲ့ပွဲမှာ ကလေးတွေ စာဖတ်တာအားနည်းတာနဲ့ ပတ်သက်ပြီး စာကြည့်တိုက်များ ကွန်ရက်အဖွဲ့ဝင် ညောင်ပင်သာ ကလေး စာကြည့်တိုက် က မစင်သီယာက ပြောပါတယ်။
"ကျောင်းတက်နေတဲ့အချိန်မှာ လေ့လာမှုပညာရေးမှာ ကျမတို့စာကြည့်တိုက်အခန်းကဏ္ဍကို ကျောင်းကလေ့ကျင့်ပေးလိုက်မယ်ဆိုရင် တခြားဖွင့်ထားတဲ့ စာကြည့်တိုက်လည်းအသက်ဝင်မှာပါ၊ ကျောင်းစာကြည့်တိုက်ကအပြပဲရှိပြီး ပေးမသုံးဘူးပေါ့နော်၊ ကျမတို့ငယ်ငယ်ထဲက လက်တွေ့ပါပဲ"
စာကြည့်တိုက်တွေ ပြင်ပစာပေတွေကနေ ကျောင်းသင်ရိုးညွှန်းတမ်းမှာမပါတဲ့ အသိပညာ ၊ ဗဟုသုတ မှတ်သားဖွယ်ရာတွေ ရရှိနိုင်တာကြောင့် စာကြည့် တိုက်တွေကို သွားကြဖို့ ၊ စာဖတ်ကြဖို့ကို တိုက်တွန်း တဲ့အနေနဲ့ ဒီနေ့လှုပ်ရှားမှုကို လုပ်ခဲ့ကြတာဖြစ်ပါတယ်။
ဒီနေ့ အစီအစဉ်ကို စာကြည့်တိုက်များကွန်ယက်က သပြေကလေးလူငယ်စာကြည့်တိုက်၊ ညောင်ပင်သာ ကလေးစာကြည့်တိုက်နဲ့ ဗဂျီအိမ်ရွှေ့လျားစာကြည့် တိုက်တို့က ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။