စစ်မှုထမ်းဥပဒေကြောင့် ပြည်သူ့ရင်ခွင်အဖွဲ့ထံ ဆက်သွယ်လာသူ ၁၃,၀၀၀ ခန့်ရှိနေ

စစ်ကောင်စီဘက်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အသက်သွင်းလိုက်ပြီးနောက်ပိုင်း ပြည်သူ့ရင်ခွင်အဖွဲ့ (People's Embrace) ထံ ဆက်သွယ်စုံစမ်းလာတဲ့ လူငယ် တစ်သောင်း သုံးထောင်ခန့်အထိရှိနေတယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့ တာဝန်ရှိသူက RFA ကို ဒီနေ့ ပြောပါတယ်။
ဆက်သွယ်လာသူအများစုဟာ လူငယ်ပိုင်းအမျိုးသားတွေဖြစ်ပြီး ပြည်သူ့ရင်ခွင်အဖွဲ့အနေနဲ့ ဆက်သွယ်လာသူတွေကို အတင်းအဓမ္မ စစ်မှုထမ်းဖို့ စုဆောင်းခံရတဲ့အခါမှာ ရှောင်ရှားရမယ့် နည်းလမ်းတွေ၊ မြေပြင်မှာ လှုပ်ရှားနေတဲ့ တော်လှန်တပ်ဖွဲ့တွေနဲ့ ဆက်သွယ်ရမယ့် အကြံဉာဏ်တွေကို အဓိကထား ပြောပြပေးနေတယ် ဆိုပါတယ်။
မလွဲမရှောင်သာလို့ စစ်ကောင်စီတပ်ဆီ ရောက်သွားခဲ့ရင်လည်း ဘယ်လိုပုံစံ ဆက်သွယ်လုပ်ဆောင်ရမလဲဆိုတဲ့ အပိုင်းတွေကိုလည်း အဓိက အကြံပေးနေတယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့ဝင် CDM ဗိုလ်ကြီး လင်းထက်အောင်က RFA ကို ပြောပါတယ်။
“မရှောင်လွှဲနိုင်လို့ပေါ့ စစ်တပ်ထဲကို ရောက်သွားပြီဆိုရင် ကျွန်တော်တို့ကို ပြန်လည်ဆက်သွယ်ဖို့၊ စစ်တပ်ထဲက ပြန်ပြီးတော့ လွတ်မြောက်ဖို့ ကူညီပေးမယ်ဆိုတဲ့အကြောင်းတွေကို ကျွန်တော်တို့ အခုချိန်မှာ အကြံဉာဏ် ပေးထားပါတယ်ဗျ”
ဆက်သွယ်လာသူလူငယ်တွေကိုတော့ ပထမအဆင့် အချက်အလက်စိစစ်ပြီး လူသစ်အင်အားစုဆောင်းနေတဲ့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ကူညီချိတ်ဆက်ပေးနေတယ်လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်မှာ အသက်သွင်းပြီးနောက်မှာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကို အဆင့်ဆင့် ဖွဲ့စည်းလာတာကြောင့် အဓမ္မ စစ်ထဲသွတ်သွင်းတာကို မခံလိုတဲ့ လူငယ်တွေဟာ ပြည်သူ့ရင်ခွင်အဖွဲ့ကတစ်ဆင့် တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်နေကြသလို တစ်ဖက်မှာလည်း ပြည်ပကို ထွက်ခွာဖို့ ကြိုးစားမှုတွေလည်း ရှိနေပါတယ်။
ပြည်သူ့ရင်ခွင်အဖွဲ့ဆီကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ကနေ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ဖို့ ဆက်သွယ်လာသူတွေလည်း လစဉ်ပုံမှန်ရှိနေပြီး ဖေဖော်ဝါရီလကုန်အထိ လက်နက်ပါတဲ့ စစ်သားတွေ အပါအဝင် CDM ဝင်ရောက်လာသူ ခုနစ်ဆယ်ခန့်အထိရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအထိ CDM ဝင်ရောက်ထားတဲ့ စစ်သားနဲ့ ရဲ တစ်သောင်းလေးထောင်ခန့် (၁၄၀၀၀ ခန့်) ရှိနေပြီး အဲဒီအထဲမှာ အမြင့်ဆုံးရာထူး ဒုတိယဗိုလ်မှူးကြီးအထိ ပါဝင်တယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့က ပြောပါတယ်။
စစ်ကောင်စီကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ ပြည်သူတစ်ရပ်လုံး ပါဝင်လာရေးအတွက် ရှင်းလင်းပွဲတွေ၊ ဆွေးနွေးပွဲတွေကို နိုင်ငံတစ်ဝန်းပြုလုပ်နေပါတယ်။