ဖယ်ခုံက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ကြောင်း PDF ပြော

2022.02.22
ဖယ်ခုံက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ကြောင်း PDF ပြော ၂၀၂၂၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ဖယ်ခုံ PDF က သိမ်းဆည်းရမိတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းအချို့ကို တွေ့ရစဉ်
Photo: PDF Pekhon

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ပါသာဘုရားတောင်နဲ့ ကုန်းဆုံဘုရားတောင် ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဖယ်ခုံ PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ဖေဖော်ဝါရီလ ၂၂ ဒီနေ့မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ငါးဦး သေဆုံးခဲ့တယ်လို့ ဖယ်ခုံ PDF က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

"တပ်စခန်း ထိုင်တဲ့နေရာကို ကျနော်တို့က ဝင်ပြီးတော့ ကျနော်တို့က သူတို့တပ်ရဲ့ အဝန်းအဝိုင်းထဲကို ရောက်သွားတယ်။ သူတို့ အဲဒီအဝန်းအဝိုင်းထဲကလူကလည်း ထွက်ပြေးတယ်။ အဲဒီအပြင်ရောက်သွားတဲ့သူတွေက သူတို့တပ်ထဲမှာ ကျနော်တို့ ရှိနေတာကို အဲလို ပြန်ပစ်ကြခတ်ကြတာပေါ့။ သူတို့ဘက်ကတော့ ငါးယောက်ထက်မက သေနိုင်တယ်။ အလောင်းတွေ တွေ့ခဲ့တာ အဲလောက်ရှိတယ်။ သေနတ်တွေ ရလာတာ ကလည်း သေတဲ့သူတွေဆီက ရတာပေါ့"

တိုက်ပွဲက ဒီနေ့မနက် ၆ နာရီကနေ ၇ နာရီအထိ ဖြစ်ပွားခဲ့ပြီး ဖယ်ခုံ PDF ဘက်က သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက် ခဲယမ်း အချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီထုတ်ပြန်ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသလို စစ်ကောင်စီဘက်လည်း တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ ဒီနေ့တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ပထမပတ်အတွင်းကလည်း ဖယ်ခုံမြို့နယ် ခေါင်းအိ ကျေးရွာနဲ့ စက်တော်ကျေးရွာအနီးမှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း လွယ်ဝှဲကျေးရွာက နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရသလို၊ ဖယ်ခုံမြို့ပေါ် နဲ့ ကုန်းဆုံကျေးရွာအုပ်စု၊ ကုန်းဆုံ၊ လွယ်ပါသာ၊ ပူချက်၊ ကသဲ၊ ရွှေပြည်အေး စတဲ့ ကျေးရွာတွေက ဒေသခံ တစ်သောင်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီ ဒေသခံ အများစုကတော့ ဒီနေ့အထိ နေရပ်ပြန်နိုင်ခြင်း မရှိကြသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။