ငြိမ်းချမ်းရေးအတွက် လမ်းလျှောက် ဆန္ဒဖော်ထုတ်
2012.09.21

ဒီဆန္ဒဖော်ထုတ်ပွဲတွေဟာ အပစ်အခတ်တွေ ရပ်စဲဖို့အတွက် ကာကွယ်ရေးဦးစီးချုပ်နဲ့၊ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ရည်ရွယ်ဆောင်ရွက်တာ ဖြစ်ကြောင်း ရန်ကုန်ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့ဝင် မခင်စန္ဒာညွှန့်က RFA ကို အခုလိုပြောပါတယ်။
"ငြိမ်းချမ်းရေး လမ်းလျှောက်ကြတဲ့ လူတွေအပါအဝင် ရန်ကုန်တိုင်းမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လုပ်နေကြတဲ့ အစုအဖွဲ့အားလုံး ကန်ဘောင်မှာ လာပြီးတော့ ဆုံပါမယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆုတောင်းပွဲလုပ်မှာ။ ငြိမ်းချမ်းရေးကျောက်တိုင် စိုက်ထူမယ်။ မိုးပျံပူပေါင်းတွေလွှတ်မယ်။ ကြေညာချက် ၅ ချက်ကို ထုတ်ပြန်မယ်။ ပြီးတော့မှ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကို အဲဒီမှာ ဆက်လုပ်သွားပါမယ်။ ကျွန်မတို့ အခုလက်ရှိကတော့ အပစ်အခတ် ရပ်စဲဖို့ ရည်ရွယ်ပါတယ်။ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ရည်ရွယ်သလို တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ အားလုံးကိုလည်း ရည်ရွယ်ပါတယ်"
နေပြည်တော် သမ္မတရုံးရှေ့၊ ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့နဲ့ လွှတ်တော်ရှေ့တွေမှာ ငြိမ်းချမ်းရေး ဆန္ဒဖော်ထုတ်ဖို့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်နဲ့အတူ သွားရောက်ကြမယ့် လူအင်အား ၂၀၀ ကျော်ကို မနေ့မနက်ပိုင်းက အာဏာပိုင်တွေက တားဆီးခဲ့တာကြောင့် ရန်ကုန်မှာပဲ စုပေါင်းလမ်းလျှောက်ဖြစ်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ယက်က ဦးဂျော်ဂွမ်းက ပြောပါတယ်။
"ရန်ကုန်အနောက်ပိုင်းခရိုင် ရဲဦးစီးမှူးတွေနဲ့ စမ်းချောင်းကမြို့နယ်ရဲတွေ ပူးပေါင်းပြီးတော့မှ ကျွန်တော်တို့ကို နည်းပေါင်းစုံနဲ့တားတော့ သွားလို့မရဘူးဖြစ်ခဲ့တယ်။ နေရာ ၄ နေရာတောင် ကျွန်တော်တို့တားခံရတယ်။ ဒဂုံစင်တာရှေ့မှာ သွားခွင့်မပြုဘူး ဆိုတဲ့အကြောင်းပြောတယ်။ ထပ်ပြီးတော့ မြေနီကုန်းမှတ်တိုင် အဟောင်းမှာ ထပ်တားတယ်။ ကျွန်တော်တို့ ဆက်သွားတယ်။ မြေနီကုန်းမှတ်တိုင် အသစ်မှာ တားတယ်။ အဲဒီကနေ ကျွန်တော်တို့ ဆက်သွားတယ်။ ပြည်သူ့ရင်ပြင်မှာ အုပ်စုမခွဲမနေရဆိုတဲ့ ပုံစံနဲ့ သူတို့သတိပေးတဲ့ ပုံစံနဲ့ သူတို့က နည်းပေါင်းစုံနဲ့ ပြောတာကတော့ ကျွန်တော်တို့ နေပြည်တော် မသွားလိုက်ရဘူး။ ကျွန်တော်တို့ကား ၅ စီးနဲ့ လျှောက်သွားတယ်။ ကျွန်တော်တို့ ဆူးလေလမ်းကြောင်းကနေ တာမွေဖက်ကို ရောက်လာပါပြီ"
မန္တလေးတိုင်း မိထ္ထီလာမြို့မှာလည်း မြန်မာတစ်နိုင်ငံလုံး စစ်ပွဲတွေရပ်ဖို့ ဒေသခံ အရပ်ဖက် အဖွဲ့ အစည်းတွေက ဆုတောင်း လမ်းလျှောက်ပွဲတွေ၊ မီးပုံးပျံလွှတ်ပွဲတွေ ဆောင်ရွက်ခဲ့ကြတယ်လို့ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေး လူမှုကွန်ရက်အဖွဲ့ဝင် ဦးလွင်မောင်မောင်က အခုလို ပြောဆိုပါတယ်။
"ငြိမ်းချမ်းရေး ဆုတောင်းစာလေးတွေ တမြို့လုံးပတ်ပြီးတော့ ဝေနေကြတာပေါ့။ အဓိက ကတော့ ဒုက္ခသည်စခန်းတွေမှာ စစ်ဘေးရှောင် နေထိုင်ခြင်းတွေကြောင့် စစ်ပွဲများ ရပ်တန့်ကြရန် အတွက် ညနေ ၄ နာရီကနေ ငြိမ်သက်စွာ ဆုတောင်းကြမည် ဖြစ်ပါသည်။ ယုံကြည်ကိုးကွယ်ရာ ဘာသာအလိုက် လူသားချင်း စာနာစွာဖြင့် မိမိတို့ရောက်ရာ အရပ်မှာ တိတ်ဆိတ်ငြိမ်သက်စွာ အာရုံပြု ဆုတောင်းပေးကြရန် တိုက်တွန်း မေတ္တာရပ်ခံအပ်ပါသည်"
ဒါ့အပြင် ပဲခူးတိုင်း ပြည်မြို့နဲ့ ပေါင်းတည်မြို့တွေမှာလည်း တစ်နိုင်ငံလုံး စစ်ပွဲတွေရပ် ဆိုတဲ့ ခေါင်းစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေက မြို့အနှံ့ ဆိုင်ကယ်တွေနဲ့ လှည့်ပတ်ခဲ့ကြပါတယ်။ ရန်ကုန်တိုင်း တွံတေးမြို့နယ်မှာလည်း ဆုတောင်းပွဲတွေ ကျင်းပခဲ့ကြပါတယ်။