နိုင်ငံတကာငြိမ်းချမ်းရေးနေ့ ရန်ကုန်မှာ ကျင်းပ
2010.09.21

အခမ်းအနားကို မနက် ၁၀ နာရီကနေ ၁ နာရီအထိ ကျင်းပတာ ဖြစ်ပြီး ပရိသတ် ၁၀၀ ခန့် တက်ရောက်တယ်လို့ ဦးဆောင်ကျင်းပတဲ့ အကြမ်းမဖက် အမျိုးသားရေးလှုပ်ရှားမှုအဖွဲ့က ကိုလူမော်လတ်က ပြောပါတယ်။
“ဒီ အလုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒီ ၂၀၀၇ စက်တင်ဘာ အကြမ်းမဖက် အမျိုးသား လှုပ်ရှားမှု လူငယ်တွေနဲ့ ကျွန်တော်တို့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ကြတယ်ပေါ့လေ။ အဲဒီတော့ အလုံမြို့နယ် NLD ရုံးခန်းမှာပဲ ကျွန်တော်တို့ လုပ်တာပါ။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် အသက်ပေး စွန့်လွှတ်ခဲ့သူတွေအတွက် ရည်စူးပြီးတော့ ကျွန်တော်တို့ ကောင်းမှုကုသိုလ် လုပ်ပေးတာလည်း ပါပါတယ်။”
“ကျွန်တော်တို့ ချိုးငှက်တွေ လွှတ်တယ်ပေါ့နော်။ ချိုးငှက်တွေ လွှတ်ပြီးတော့ ကျွန်တော်တို့ ဆုတောင်းတယ်ပေါ့။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြုကြိုဆိုပါ၏ ဆိုတဲ့ အောက်က စက်တင်ဘာ ၂၁ ဆိုပြီးတော့ ကျွန်တော်တို့ ရေးပြီးတော့မှ အောက်ကနေပြီး သခင်ကိုယ်တော်မှိုင်းရဲ့ ပုံပေါ့နော်၊ သခင်ကိုယ်တော်မှိုင်းရဲ့ ပုံအောက်ကနေပြီးတော့ ကျွန်တော်တို့ မြန်မာ့ ငြိမ်းချမ်းရေး ဖခင်ကြီးနဲ့ စတာလင် ငြိမ်းချမ်းရေး ဆုရှင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းဆိုပြီး အဲလိုမျိုးလေးတွေ ရေးတယ်။ အဲ ဦးသန့်ကျတော့လည်း အဲလိုပဲ ကမ္ဘာ့ ငြိမ်းချမ်းရေး ဗိသုကာကြီး ဆိုပြီးတော့ ကျွန်တော်တို့ ရေးတယ်။ ဒီဖက်က ဒေါ်အောင်ဆန်းစုကြည် ပုံကျတော့လည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်နဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဆိုပြီးတော့ ပန်းပွင့်လေးတွေ ဘာလေးတွေနဲ့ သပ်သပ်ရပ်ရပ်တော့ ကျွန်တော်တို့ လုပ်တယ်။”
ဒီလို ငြိမ်းချမ်းရေးနေ့ အခမ်းအနား ပြုလုပ်ရာမှာ ၈၈ ဒီမိုကရေစီရေး လှုပ်ရှားမှုကနေ ၂၀၀၇ သံဃာ့အရေးအခင်းအထိ ပါဝင်ခဲ့ပြီး အကျဉ်းကျနေတဲ့ သက်ကြီးဝါကြီး သံဃာတော်တွေ၊ သီလရှင်ကြီးတွေနဲ့ ကျောင်းသားလူငယ်တွေကို လွတ်မြောက်ရေး ရည်ရွယ်တယ်လို့လည်း ကျင်းပသူတွေက ပြောပါတယ်။
ဒီပွဲကို NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ NLD ခေါင်းဆောင်တချို့၊ အင်္ဂါ ဝတ်ပြု ဆုတောင်းအဖွဲ့၊ ၂၀၀၇ သံဃာ့အရေးအခင်းမှာ ငြိမ်းချမ်းစွာ စီတန်းဆန္ဒဖော်ထုတ်ခဲ့သူ လူငယ်တွေနဲ့ ၈၈ အရေးတော်ပုံမှာ ကျဆုံးခဲ့တဲ့ မဝင်းမော်ဦးရဲ့ မိသားစုတွေလည်း တက်ရောက်တယ်လို့ သိရပါတယ်။