မြစ်ကြီးနားမှာ အပြည်ပြည်ဆိုင်ရာ ငြိမ်ချမ်းရေးနေ့ အခမ်းအနား ကျင်းပ


2017.09.21
international-day-peace-622 အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ကချင်ပြည်နယ် အမျိုးသမီးများကွန်ယက်နဲ့ ဥရောပသမဂ္ဂတို့ ပူးပေါင်းပြီး မြစ်ကြီးနားမြို့ မဂျွယ်ခန်းမမှာ ကျင်းပစဉ်
Photo: Kyaw Myo Min/RFA

ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ကချင်ပြည်နယ် အမျိုးသမီးများ ကွန်ယက်နဲ့ ဥရောပသမဂ္ဂတို့ပူးပေါင်းပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မဂျွယ်ခန်းမမှာ ကျင်းပပါတယ်။

အဲဒီအခမ်းအနားကို တက်ရောက်လာတဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာက ငြိမ်းချမ်းရေးကို အမုန်းတရားနဲ့ မဟုတ်ဘဲ ချစ်ခြင်းမေတ္တာတရားနဲ့သာ တည်ဆောက်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

"ငြိမ်းချမ်းရေးရအောင်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးကို အင်အားနဲ့ တည်ဆောက်လို့မရဘူး။ ငြိမ်းချမ်းရေးကို စစ်ရေးနဲ့ တည်ဆောက်လို့မရဘူး။ ငြိမ်းချမ်းရေးကို အမုန်းတရားနဲ့ တည်ဆောက်လို့မရဘူး။ ငြိမ်းချမ်းရေး ကို ကျနော်တို့ ချစ်ခြင်းမေတ္တာတရားနဲ့ တည်ဆောက်ရမယ်။ နိုင်ငံရေးနဲ့ တည်ဆောက်ရမယ်။ ဒီလို တည်ဆောက်မှပဲ ဒီငြိမ်းချမ်းရေး ရရှိနိုင်မယ်။ ဒါနည်းနာကို ပြောတာ။ တစ်ချက်က ဘာလဲဆိုလို့ရှိရင် အဲဒီနည်းနာပိုင်းမှာ ပြည်သူလူထုတစ်ရပ်လုံး နောက်တပ်ဘက်ရော၊ အစိုးရဘက်ရော၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဘက်ရော အားလုံး ကျနော်တို့က ဘာဖြစ်ရမလဲဆိုလို့ရှိရင် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်စိတ်ရှိရမယ်"

ငြိမ်းချမ်းရေးရနိုင်မယ့် နည်းလမ်းတွေရှိနေပြီး ငြိမ်းချမ်းရေး အမြန်ရလေ ကောင်းလေဖြစ်တာကြောင့် မလိုအပ်ဘဲ အချိန်မဆွဲကြဖို့နဲ့ မြန်နိုင်သမျှ မြန်မြန်ငြိမ်းချမ်းရေးရဖို့အတွက် ကြိုးစားရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးကို အများစုကလိုချင်ကြပေမယ့် ငြိမ်းချမ်းရေးရမှာကို ကြောက်နေသူအတ္တသမားတချို့လည်း ရှိနေနိုင်ပြီး၊ လက်ရှိမှာ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်နေတာကြောင့် အားလုံးက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြဖို့ ဒေါက်တာမနာမ်တူးဂျာက တိုက်တွန်းဆွေးနွေးပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို စစ်ဘေးရှောင်ပြည်သူတွေ၊ နိုင်ငံရေးပါတီ နဲ့ NGOs အဖွဲ့အစည်းတချို့အပါအဝင် ဒေသခံပြည်သူ အယောက် လေးရာဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။