အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ကျင်းပ
2012.09.21

ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားမှာ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ပြီး ဒီကနေ့နံနက်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးနှင့် ကျန်ရှိနိုင်ငံရေး အကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး ဆုတောင်းပွဲမှာ အခုလို တောင်းဆို လိုက်တာပါ။
ကျန်ရှိနိုင်ငံရေး အကျဉ်သားတွေ လွတ်မြောက်ဖို့ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာတော် တစ်ပါးဖြစ်တဲ့ ဆရာတော် ဦးပဏ္ဍဝံသ က RFA ကို အခုလို မိန့်ကြားပါတယ်။
"အခုချိန်မှာတော့ ပြည်သူလူထုအတွက် အရေးကြီးဆုံး လိုအပ်ချက်ကတော့ ငြိ်မ်းချမ်းရေးပါပဲ။ အဲဒီအတွက်ကို ရည်စူးပြီးတော့ အခမ်းအနားကို တက်ရောက်လာတာ ဖြစ်ပါတယ်။ ကျန်ရှိနိုင်ငံရေး အကျဉ်းသားတွေကတော့ ဦးပဉ္စင်းတို့ စပြီးတော့ ဖမ်းတယ်ဆိုကတည်းက တသသနဲ့ပြောနေတာ။ ပြန်လွှတ်ပေးပါ။ ပြန်လွှတ်ပေးပါ။ အဲဒီအကျဉ်းသားတွေကိုလည်း အမြန်ဆုံးလွှတ်ပေးဖို့အတွက်ကို ဒီလိုကျရောက်တဲ့နေ့မျိုးမှာပဲ အထူးအနေနဲ့ မေတ္တာရပ်ခံ ပန်ကြားပါတယ်လို့ ပြောချင်ပါတယ်"
ဒီဆုတောင်းပွဲကို ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာတော်တွေ၊ ကိုမင်းဇေယျ၊ ကိုလှမျိုးနောင်အစ ရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေအပြင် နိုင်ငံရေး အကျဉ်းသားများ အဖွဲ့က အဖွဲ့ဝင်တွေပါ တက်ရောက်ခဲ့ ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုမင်းဇေယျက အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရှိနေမှုနဲ့ ပတ်သက်ပြီး RFA ကို အခုလိုပြောပါတယ်။
"ပြန်ပေးဆွဲပြီးတော့ ငွေညှစ်သလိုမျိုးပေါ့နော်။ နည်းနည်းချင်း ခြွေလွှတ်နေတာကိုက မရိုးသားတဲ့သဘော သက်ရောက်နေတယ်။ သူတို့တကယ်ငြိမ်းချမ်းရေး လိုချင်တယ်။ တကယ်ပြေလည်မှုကို လိုချင်တယ်။ တကယ်တန်း ပြည်သူတွေရဲ့ယုံကြည်မှု ကိုလိုချင်တယ်ဆိုရင် ဒီလိုငွေညှစ်ပြီးတော့ ခြွေလွှတ်စရာ မလိုပါဘူး။ လွှတ်လိုက်ပါ အကုန်လုံး။ အားလုံးက အနှုးအညွတ်လည်း တောင်းဆိုတယ်။ အနှုးအညွတ်လည်း တိုက်တွန်းတယ်"
ဗိုလ်တထောင်ဘုရားမှာ ကျင်းပတဲ့အခမ်းနားမှာ ကျန်ရှိနိုင်ငံရေး အကျဉ်းသားတွေအတွက် ဆုတောင်း မေတ္တာပို့သကြပြီး ကောင်းမှု ကုသိုလ်များ ပြုလုပ်ကာ သံဃာတော်တွေကို ဆွမ်းဆက်ကပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဒီကနေ့ မနက် ၉ နာရီကနေ ၁၂ နာရီအထိ ရန်ကုန်မြို့၊ အလုံမြို့နယ်၊ စောရန်ပိုင် အနောက်ရပ်ကွက်၊ နွယ်နီလမ်းမှာ ကျင်းပခဲ့ပါတယ်။
ဒီကနေ့ အခမ်းအနားမှာ စစ်ဘေးသင့် ကချင်ဒေသမှာရှိတဲ့ ကလေးငယ်များရဲ့ ပညာရေးရန်ပုံငွေအတွက် ရန်ကုန်အခြေစိုက် ပရဟိတလူငယ်များကွန်ယက် အဖွဲ့ဝင် ၃၀ နီးပါးလောက် က ငြိမ်းချမ်းရေး တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။
ဒီအခမ်းအနားကို ဦးဆောင်သူ အန်အယ်လ်ဒီ လူငယ်တာဝန်ခံ ကိုလူမော်လတ်က တိုင်းပြည်မှာ စစ်ပွဲတွေရပ်ပြီး တိုင်းပြည်ငြိမ်းချမ်းဖို့ဆိုရင် တရားဥပဒေ စိုးမိုးရေးကလည်း အရေးပါတယ်လို့ RFA ကို အခုလို ပြောပြပါတယ်။
"ဒီကနေ့ ကျင်းပတာ အမျိုးသားနိုင်ငံရေး အသွင်သဏ္ဍာန်နဲ့ ကျင်းပတာ၊ အဓိက ရည်ရွယ်တာက တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြားမှာပဲ ဖြစ်ဖြစ်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြားမှာပဲ ဖြစ်ဖြစ်၊ တစ်ယောက်ကြောင့် တစ်ယောက်ကြောင့်ပဲ ဖြစ်ဖြစ် မျက်ရည်ပေါက် ကြီးငယ် ကျနေရတဲ့ နိုင်ငံတွေ၊ ကမ္ဘာပေါ်မှာ ရှိနေတဲ့နိုင်ငံတွေ ငြိမ်းချမ်းတဲ့နိုင်ငံလို့ သတ်မှတ်လို့ မရဘူး၊ ငြိမ်းချမ်းတဲ့ ကမ္ဘာမြေလို့ ကျွန်တော်တို့ သတ်မှတ်လို့မရဘူး။ တိုင်းပြည်မှာ အရေးအကြီးဆုံးသည် တရားဥပဒေစိုးမိုးရေး ၊တရားဥပဒေ စိုးမိုးဖို့အတွက်ကို ဒီနိုင်ငံမှာ မတရားဥပဒေတွေ ရှိနေသေးတယ်။ ၁၉၅၀ အရေးပေါ်စီမံချက် ဥပဒေ အပိုဒ် (က) လိုမျိုး၊ နိုင်ငံတော် နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်များ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေဆိုတာက ဘယ်သူ့ကိုမဆို အချိန်မရွေး နိုင်ငံတော် နှောင့်ယှက်တယ်ဆိုပြီး ဖမ်းလို့ရပါတယ်။ ဒီလို ကျွန်တော်တို့လုပ်တဲ့ အခမ်းအနားကိုတောင် အချိန်မရွေး ဖမ်းပိုင်ခွင့် ရှိပါတယ်။ ဒီဥပဒေဟာ ပြည်သူတွေအတွက် အများကြီး နစ်နာတယ်။ တိုင်းပြည် မငြိမ်းချမ်းတာဟာ အုပ်ချုပ်တဲ့ အစိုးရတွေနဲ့ ပြည်သူတွေကြားထဲမှာ တရားမျှတတဲ့ ဥပဒေတွေ မပေါ်ထွန်းနိုင်သေးလို့ တိုင်းပြည်မငြိမ်းချမ်းတာ"
အဲဒီအခမ်းအနားမှာ အကြမ်းမဖက် အမျိုးသား လှုပ်ရှားသူတွေမှ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် လူအခွင့်အရေးတွေအတွက် အသက်ပေးလှူခဲ့ကြသူတွေကို ရည်စူးပြီး ကျင်းပတာ ဖြစ်ပါတယ်။
ဒီအတောအတွင်း တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက် လောကမန်အောင် ကျောင်းမှာလည်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်နေ့အဖြစ် ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ် ရပ်ဆဲရေး ဆုတောင်းပွဲ အခမ်းအနားကို ဒီကနေ့ နေ့လည်ပိုင်းက သံဃာတော်အပါး ၇၀ ကျော်လောက် ပါဝင်ဆုတောင်းခဲ့ကြပြီး အခမ်အနားအပြီး ညနေ ၃ နာရီလောက်မှာ တောင်ကြီးမြို့တွင်းမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ရှေ့ကို အခမ်းအနား တက်ရောက်လာသူ ၃၀ ကျော်လောက် ချီတက်အလေးပြု ခဲ့ကြတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း ပြည်မြို့မှာလည်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဆုတောင်းပွဲ ကျင်းပမယ့်နေရာကို ပြည်မြို့ သာသနာရေး ဦးစီးဌာနက လာရောက်တားမြစ်တဲ့အတွက် အခြားနေရာတစ်ခုမှာ ပြောင်းလဲ ကျင်းပခဲ့ရတယ်လို့ ပွဲကျင်းပရေး တာဝန်ခံတစ်ဦးက RFA ကို ပြောဆိုပါတယ်။
ရွှေဘိုမြို့မှာလည်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။ ငြိမ်းချမ်းရေး တောင်းဆိုသံတွေ ဒီထက် ကျယ်လောင်လာအောင် ရည်ရွယ်ပြီး အဲဒီပွဲကို ကျင်းပခဲ့တာဖြစ်တယ်လို့ ဦးဆောင်ကျင်းပသူ ရွှေခြင်္သေ့ လူမှုကူညီ ထောက်ပံ့ရေးအသင်းရဲ့ နာယက ဆရာတော် ဦးတေဇာဓိပဓိက RFA ကို မိန့်ပါတယ်။
ရွှေဘိုမြို့က ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို လူ ၂၀၀ လောက် တက်ရောက်ခဲ့ပြီး ကဗျာရွတ်ပွဲ၊ အင်စတော်လေးရှင်း တပ်ဆင်မှု အနုပညာ သရုပ်ပြပွဲ၊ ကချင်စစ်ပွဲဒေသ မြင်ကွင်းဓာတ်ပုံပြပွဲတွေ ထည့်သွင်းကျင်းပခဲ့ပါတယ်။