ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ခုနစ်ဦး ပြန်လွတ်လာ
တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား ခုနစ်ဦး စက်တင်ဘာ ၂၂ ရက် မနေ့ မနက်ပိုင်းက ပြန်လွတ်လာတယ်လို့ ထားဝယ်နိုင်ငံရေး အကျဉ်းသားတွေနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။
ပြန်လွတ်လာသူတွေထဲ အမျိုးသား လေးဦးနဲ့ အမျိုးသမီး သုံးဦးပါဝင်ပြီး သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မတ်လ အတွင်းက သပိတ်စစ်ကြောင်းချီတက်ချိန် ထားဝယ်ပြည်သူ့ဆေးရုံကြီး အရှေ့မှာ ခုနစ်ဦးစလုံး ဖမ်းဆီးခံခဲ့ ရတာပါ။
ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (က) အများပြည်သူ အကျိုးပျက်စီးစေမှု၊ ရာဇသတ်ကြီးပုဒ်မ - ၁၄၅ ဥပဒေနဲ့ ဆန့်ကျင်တဲ့ လူအစုအဝေးမှာပါဝင်မှု တို့နဲ့ ထားဝယ်အကျဉ်းထောင် အထူးတရားရုံးမှာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပြီးနောက် အခုရက်လွတ်စေ့လို့ ပြန်လွတ်လာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထားဝယ်ဒေသခံ တစ်ဦးက ပြောပါတယ်။
“ထားဝယ်ပြည်သူ့ဆေးရုံကြီးအရှေ့မှာ သပိတ်တွေဖြိုခွင်းတော့ သူတို့တွေ အဖမ်းခံလိုက်ရတာ။ ပုဒ်မကတော့ နှစ်ခုပေါင်းနဲ့ ထောင်ဒဏ် ၂ နှစ် ချခံရတာ။ အခုက လွတ်ရက်စေ့လို့ လွတ်လာတာ။ ပြစ်ဒဏ်ကျပြီး လျော့ရက်ရလို့ ပြန်လွတ်လာတာ”
ဒါ့အပြင် ထားဝယ်ကျဉ်းထောင်ထဲ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ကျခံနေရသူတွေကို ဖိနှိပ်မှုတွေ ရှိနေတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် ကနေ ၂၀၂၂ ခုနှစ် ဩဂုတ် ၂၂ ရက်အထိ ထားဝယ် အကျဉ်းထောင်မှာ အမျိုးသား ၂၀၁ ဦးနဲ့ အမျိုးသမီး ၄၂ ဦး တို့ဟာ နိုင်ငံရေး လှုပ်ရှားမှု တွေကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းကနေ ထောင်ဒဏ် ၂ နှစ်အထိ ပြစ်ဒဏ် ကျခံနေရတယ်လို့ ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားပါတယ်။