ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဝန်ကြီး ဦးအောင်မင်း မြစ်ကြီးနားရောက်ရှိ


2013.05.26

အစိုးရနဲ့ ကေအိုင်အိုတို့ရဲ့ မေလ ၂၈ ရက်နေ့ မြစ်ကြီးနားမြို့မှာပြုလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့  သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့ မြစ်ကြီးနားမြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့လည်း မနက်ဖြန်မှာ မြစ်ကြီးနားမြို့ကို ရောက်ရှိမယ်လို့ သိရပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးအကဲတစ်ဦးဖြစ်သူ ဦးလှမောင်ရွှေက ပြည်တွင်းမှာ ပထမဆုံးအနေနဲ့ ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲဟာ ပိုမိုလေးနက်ပြီး ရလဒ်ကောင်းတွေလည်းရနိုင်ဖို့ အလားအလာကောင်းတွေရှိတယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့အနေနဲ့ ပြောချင်တာကတော့ ၇ ကြိမ်မြောက်လုပ်တဲ့ဟာက တခြားနိုင်ငံမှာလုပ်ခဲ့တာနဲ့ ကချင်ပြည်နယ်မြို့တော်မှာ လုပ်ဖြစ်တာဆိုတော့ ပိုပြီးတော့ လေးနက်တဲ့သဘောဆောင်တော့ ပိုကောင်းတဲ့ရလဒ်ကို ကျွန်တော်တို့က ရအောင်လုပ်မယ်လို့ မျှော်လင့်ပြီးတော့လာကြတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ပါ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ အင်မတန် ထိလွယ်ခိုက်လွယ်ဆိုတဲ့ အနေအထားမျိုးမှာ ဒါကိုကျွန်တော်တို့အားလုံးက ပြည်သူလူထုရော ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့သူတွေရော လူထုခေါင်းဆောင်တွေရော ဘာသာရေးခေါင်းဆောင်တွေရော မီဒီယာအားလုံးဝိုင်းပါမှ ကောင်းတဲ့ဘက်နဲ့ ပိုမြန်တဲ့ဘက်ကို ရောက်နိုင်မယ်လို့ ကျွန်တော်အနေနဲ့မြင်တယ်"

ငြိမ်းချမ်းရေးဆွေးနွေးမယ့် အဖွဲ့အစည်းတွေ ရောက်ရှိလာတာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက RFA ကို အခုလို ပြောပြပါတယ်။

"ဒီနေ့တော့ အစိုးရအဖွဲ့အနေနဲ့ ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့တွေရောက်ရှိနေပြီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့လည်း ၂၅ ရက်နေ့က ရောက်ရှိလာတယ်"

ဒီဆွေးနွေးပွဲကို လေ့လာသူတွေအဖြစ် တက်ရောက်မယ့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယား၊ တရုတ်ကိုယ်စားလှယ်အဖွဲ့နဲ့ တချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း ဆွေးနွေးပွဲအမီ ရောက်ရှိလာကြမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။