ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်လှူဒါန်း
2017.01.26

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ပထမဆုံးလှူဒါန်းငွေဟာ ကျပ်ငွေ ၁၁ ဘီလီယံအထိရှိနေပြီး ထပ်မံလှူဒါန်းဖို့ရှိတာတွေပေါင်းရင် ကျပ်ငွေ ၁၅ ဘီလီယံအထိ ရရှိမယ်လို့ ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခင်ရွှေ က ပြောပါတယ်။
"အန်ကယ်တို့ပါ ထည့်လိုက်မယ်၊ သမီးတို့ပါ ထည့်လိုက်မယ်ဆိုရင် အန်ကယ့်စိတ်ထင် ၁၅ ဘီလီယံလောက်တော့ ရမယ်၊ နောက်လလယ်ဝန်းကျင်လောက်မှာ အလှူငွေလက်ခံမယ်၊ လက်မခံခင်မှာတော့ သူ့အနေနဲ့ ဘယ်သူဘယ် ဝါ ဘယ်လောက်ထည့်လဲဆိုတာကတော့ ပွင့်လင်းမြင်သာစွာနဲ့ ကြေညာမယ်လို့ အန်ကယ်ထင်တယ်"
ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ပါဝင်လှူဒါန်းကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
အလှူငွေတွေကို ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌ ဦးခင်ရွှေ၊ ကမ္ဘောဇဘဏ်က ဦးအောင်ကိုဝင်း၊ ရွှေသံလွင်ကုမ္ပဏီက ဦးကျော်ဝင်းနဲ့ တော်ဝင်ကုမ္ပဏီက ဦးကိုကိုထွေးအပါအဝင် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေ စုပေါင်း လှူဒါန်းကြတာဖြစ်ပါတယ်။
အခုလို အစိုးရအလှူငွေထည့်ဖို့တိုက်တွန်းတာဟာ ပထမဆုံးဖြစ်ပြီး နိုင်ငံတကာရဲ့ အထောက်အပံ့တင် မဟုတ်ပဲ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်တယ်ဆိုတာ ကို ပြသချင်တဲ့သဘောဖြစ်မယ်လို့ ဦးခင်ရွှေက ပြောပါတယ်။
ရရှိလာတဲ့ အလှူငွေတွေကို စစ်ဘေးဒဏ်သင့်ဒေသတွေက ပြည်သူတွေရဲ့စားဝတ်နေရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေမှာ အဓိကအသုံးပြုစေချင်တယ်လို့ ဦးခင်ရွှေက ပြောပါတယ်။