UN က ငြိမ်းချမ်းရေးအတွက် ကန်ဒေါ်လာ ၆ သန်းကျော်လှူ
2017.04.30

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ UN က ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေး ကော်မတီ JMC-U ကို ဒီကနေ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ သန်း လှူဒါန်းလိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ JCB အဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ လှူဒါန်းတာ ဖြစ်တယ်လို့ JMC-U အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ဝဏ္ဍအောင် က ပြောပါတယ်။
"တစ်နှစ်ကို ၆.၅ သန်းပေါ့၊ ကျနော်တို့ JMC အတွက် အသုံးပြုမယ့် ရန်ပုံငွေကိုပေါ့နော် UN ကနေ တဆင့် ဆောင်ရွက်ဖို့ဆိုတာ အရင်တုန်းက ဆုံးဖြတ်ထားပါတယ်၊ အဲဒီဆုံးဖြတ်ချက်အတိုင်းပဲ ဒီနေ့ UN ကလည်း ကျနော်တို့ကို ထောက်ပံ့မှု စပြီးတော့ပေးနိုင်ပါပြီ၊ အဲဒီအတွက် ဒီနေ့ ဒီအခမ်းအနားလေး ကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်"
အဲဒီ အမေရိကန်ဒေါ်လာ ၆ သန်းကျော်ကို တစ်နှစ်စာအတွက်သုံးစွဲခွင့် ရရှိတာဖြစ်ကြောင်း ပြောပါတယ်။
အခုလှူဒါန်းမှုဟာ လွတ်လပ်ပြီး မျှတတဲ့ အဖွဲ့အစည်းတွေက လှူဒါန်းတာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ဘက်မလိုက်ဘဲ လုပ်ဆောင်နိုင်မှာ ဖြစ်တဲ့လို့ အထောက်အကူဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ဦးကိုကိုကြီးက ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှာ ကျင်းပတဲ့ ရန်ပုံငွေ လှူဒါန်းတဲ့ အခမ်းအနားကို ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့် ကြည့်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးအဖွဲ့တွေ၊ ကမ္ဘာ့ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံဆိုင်ရာကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အဖွဲ့ UNDP ကိုယ်စားလှယ်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်း ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းမှာ ပါဝင်သူတွေ တက်ရောက်ခဲ့ကြပါတယ်။