မြိုင်မြို့က စစ်ကောင်စီဝန်ထမ်းတွေ အလုပ်ထွက်ကြဖို့ PDF သတိပေး

2022.02.01
မြိုင်မြို့က စစ်ကောင်စီဝန်ထမ်းတွေ အလုပ်ထွက်ကြဖို့ PDF သတိပေး မြိုင်မြို့နယ်က PDF စစ်သင်တန်းဆင်းပွဲတစ်ခုကို ၂၀၂၂ ဇန်နဝါရီ ၅ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ- မြေလတ် အသံ

မကွေးတိုင်း မြိုင်မြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ ဖေဖော် ဝါရီ ၁၀ ရက် မတိုင်ခင် အလုပ်ကထွက်ကြဖို့ မြိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြိုင်မြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းအားလုံးကို လုံခြုံရေးမပေးနိုင် တော့ဘူးဆိုတဲ့ သဘောပါလို့ မြိုင် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့က ကာကွယ်မှု မပေးတော့ဘူးပေါ့ဗျာ။ ကျွန်တော်တို့ရဲ့ ကာကွယ်မှု အောက်မှာ မရှိတော့ဘူးပေါ့။ သူတို့ အသက်အန္တရာယ်ကို ကျွန်တော်တို့ လုံခြုံမှု မပေးတော့ဘူးပေါ့ဗျာ"

ဖေဖော်ဝါရီ ၁၀ ရက် နောက်ဆုံးထားပြီး ဝန်ထမ်းတွေအားလုံး အလုပ်ကနေ ထွက်ကြဖို့၊ အာဏာဖီဆန်ရေး CDM လုပ်ကြဖို့အတွက် မြိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားတာပါ။

မြိုင်မြို့က ဒေသခံဝန်ထမ်းတွေအနေနဲ့ PDF အဖွဲ့တွေကို ဆက်သွယ်လာရင် လိုအပ်တဲ့ အကူအညီတွေ လုပ်ပေးမှာဖြစ်ပြီး တခြားဒေသက ဝန်ထမ်းတွေကိုလည်း သူတို့ဒေသကို ပြန်ချင်ရင် အဆင်ပြေအောင် ကူညီပေးမယ်လို့လည်း ဆိုပါတယ်။

အဲဒီကြေညာချက်ကို ဝန်ထမ်းတွေဘက်က မလိုက်နာရင် မိသားစုဝင်တွေကိုရော ပိုင်ဆိုင်မှုတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်မယ်ဆိုပြီး သတိပေးကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း ဖာပွန်မြို့နယ်ထဲက စစ်ကောင်စီလက် အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဖေဖော်ဝါရီ ၁ ရက်ကစပြီး ၁၀ ရက်အတွင်း ထွက်ခွာကြဖို့ ဇန်နဝါရီ ၂၉ ရက်က သတိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။