စစ်ကောင်စီ ကညနရုံးနဲ့ ပျူစောထီးရွာကို PDF တွေ ဝင်တိုက်
2023.04.26
စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ် က ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ကညနရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ဂိတ်စခန်းကို ဓားမဆိုင်းတပ်မတော်နဲ့ မုံရွာအခြေစိုက် မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပစ်ခတ်ခဲ့တယ်လို့ ဓားမဆိုင်း တပ်မတော်ရဲ့အထူးတိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့တယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေက မုံရွာမြို့၊ နတ်လူထိပ္ပန်ရပ်ကွက် လမ်းမပေါ်က ကညနရုံးမှာ တပ်စွဲထားပြီး ပြည်သူတွေဆီကနေ ငွေကြေး ကောက်ခံနေတာကြောင့် ၂၀၂၃ ခုနှစ် ဧပြီ ၂၆ ရက် နေ့လယ်ပိုင်းက အဲဒီကညနရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဗိုလ်ထွဋ်ခေါင် က ပြောပါတယ်။
RFA က ရရှိထားတဲ့ ရုပ်သံဗီဒီယိုမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်တဲ့ ရုပ်သံကိုသာ မြင်တွေ့ရပြီး စစ်ကောင်စီ တပ်သားသေဆုံးတဲ့အခြေအနေနဲ့ အဲဒီနေရာက ကညနရုံး ဟုတ်မဟုတ်ကို မသိရပါဘူး။
ဒီပစ်ခတ်မှုကို ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်း၊ ဓားမဆိုင်း တပ်မတော်နဲ့ မဟာမိတ် ငါးဖွဲ့က ပူးပေါင်း တိုက်ခိုက်တာလို့ ဗိုလ်ထွဋ်ခေါင်က ပြောပါတယ်။
ဒါ့အပြင် ဧပြီလ ၂၅ ရက်နေ့ ညပိုင်းမှာ မကွေးတိုင်း ပခုက္ကူမြို့နယ် တဲကုန်းရွာက စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ကို မြိုင်ပကဖနဲ့ မဟာမိတ်အဖွဲ့တွေ ဖြစ်တဲ့ မြိုင်ပကဖ IO အဖွဲ့၊ Black Cobra ပူးပေါင်းအဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၁၃ ဦးသေဆုံးခဲ့တယ်လို့ မြိုင်ပကဖက ဧပြီ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မုံရွာမြို့ပေါ် ကညနရုံးတိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA ကဖုန်းနဲ့ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိသလို စစ်ကောင်စီရဲ့မကွေးတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးစိုးပိုင်မြင့်ကိုလည်း ဆက်သွယ်လို့ မရသေးပါဘူး။
ပစ်ခတ်မှုအခြေအနေ အသေးစိတ်သိနိုင်ဖို့ ဒေသခံပြည်သူတွေဆီကို RFA က ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလိုင်းနဲ့ အင်တာနက်အခက်အခဲကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။