တိုက်ပွဲပြင်းထန်နေတဲ့ မြိတ်-ထားဝယ်ကားလမ်းကို မသုံးဖို့ ဒေသအခြေစိုက် PDF သတိပေး
2024.10.16

တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတာကြောင့် မြိတ်-ပုလော-ထားဝယ် ပြည်ထောင်စုကားလမ်းကို မသုံးဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက အောက်တိုဘာလ ၁၆ ရက်နေ့မှာ ပြည်သူတွေကို သတိပေးလိုက်ပါတယ်။
ကားလမ်းမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ခရီးမသွားဖို့ တားမြစ်တာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"တိုက်ပွဲ ဖြစ်နေတာက ကားလမ်းမပေါ်မှာပဲ ခင်ဗျ၊ စကစ ဘက်ကတော့ ကားတွေကို မတားဘဲ ဖြတ်ခွင့်ပေးထားတယ်၊ ကျွန်တော်တို့ကတော့ ခရီးသွားတွေရဲ့ လုံခြုံရေး စိုးရိမ်တာရယ် ကြားထဲ ပြည်သူတွေရှိနေတော့ လုပ်ရ ကိုင်ရခက်လို့ပါဗျ"
စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား အောက်တိုဘာလ ၁၄ ရက်နေ့ကတည်းက တိုက်ပွဲတွေ ပြန်ဖြစ်နေပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကြဲရွာ နဲ့ မီးလောင်ချောင်းကျေးရွာ တစ်ဝိုက်မှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုတွေအတွင်း အရပ်သား ထိခိုက်သေဆုံးတာတော့ မရှိသေးဘူးလို့လည်း ပြောပါတယ်။
ပြည်သူတွေအနေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က နောက်ထပ် ထုတ်ပြန်ချက် တစ်စုံတစ်ရာ မထုတ်ခင်အထိ သွားလာတာတွေ မလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။
ပုလောမြို့နယ်တွင်း တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း နဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူတို့ကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စက်တင်ဘာလအတွင်း တနင်္သာရီတိုင်းမှာ တိုက်ပွဲ ၆၈ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး တနင်္သာရီ၊ ပုလောနဲ့ လောင်းလုံးမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi က အောက်တိုဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။