သံဖြူဇရပ်မှာ PDF ထောက်ပံ့တယ် စွပ်စွဲချက်နဲ့ ဒေသခံတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

RFA Burmese
2023.12.26
သံဖြူဇရပ်မှာ PDF ထောက်ပံ့တယ် စွပ်စွဲချက်နဲ့ ဒေသခံတွေ ဆက်တိုက်ဖမ်းဆီးခံနေရ သံဖြူဇရပ်မြို့အား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ဒေသခံတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေထံ ကူညီထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးနေပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ခံရသူ ငါးဦးထက်မနည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလထဲမှာတင် အဖမ်းခံရတဲ့ ဒေသခံ ငါးဆယ်ကျော်ရှိနေပြီလို့ ဒေသခံတွေက ဆိုပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့က သံဖြူဇရပ်မြို့၊ အောင်ဇေယျတိုးချဲ့ရပ်ကွက်မှာ ဦးမြသန်းဆိုသူကို PDF လို့ စွပ်စွဲဖမ်းဆီးခဲ့ပြီးနောက်ပိုင်း အခုလို ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်လာတာလို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပြန်လွတ်လာတာက ရှားပါးတယ်။ အများစုက မလွတ်ကြဘူး။ စစ်ကြောရေးမှာ နှိပ်စက်ခံနေရတာတွေရှိတယ်။ ရေပေးမသောက်တာတို့၊ သုံးရက်တိတိ နေပူထဲမှာ လှန်းထားတာတွေ၊ ပေးမအိပ်တာကို ငိုက်တာနဲ့ ရေနဲ့ပက်တာတို့ အခြေအနေတွေ ရှိနေတာ။ နောက် စစ်ကြောရေးမှာ ထောက်ပို့လုပ်တယ်ဆိုပြီး ဝန်ခံခိုင်းပြီး အဆက်အစပ်တွေ လိုက်ရှာပြီးဖမ်းတာ။ လူကြီးတွေပါ မကျန်ဘူး။ နေ့တိုင်းပဲ အဖမ်းအဆီးရှိနေတာ သတင်းတွေ မတက်တာပဲရှိတယ်”

ဖမ်းဆီးသွားသူတွေကို သံဖြူဇရပ်မြို့နယ်၊ ဝယ်ကလီရွာမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းမှာ စစ်ဆေးခဲ့ပြီးနောက် ကျိုက်မရောထောင်ကို ပို့လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမှုဖွင့်ခံထားရသူတွေဟာ သံဖြူဇရပ်မြို့ပေါ်က ဒေသခံတွေဖြစ်ပြီး အမည်၊ အသက် အတိအကျနဲ့ သူတို့ကို ဘယ်ပုဒ်မတွေနဲ့ အရေးယူထားသလဲ ဆိုတာတွေကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒေသခံတွေ ဖမ်းဆီးခံရတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ သယံဇာတဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဒီဇင်ဘာ ၁၅ ရက်ကလည်း သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ကိုကို PDF ဆီ ဌာနဆိုင်ရာသတင်းတွေ ပေးလို့ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူ နှစ်သောင်းခွဲကျော် (၂၅,၆၀၀) ရှိခဲ့ပြီး တစ်သောင်းကိုးထောင်ကျော် (၁၉,၈၀၃) လက်ရှိအထိ ထိန်းသိမ်း ခံထားရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။