ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု ၅၃ ဦးသေဆုံးကြောင်း NUG ကနဦးထုတ်ပြန်

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.04.11
ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု ၅၃ ဦးသေဆုံးကြောင်း NUG ကနဦးထုတ်ပြန် ၂၀၂၃ ခုနှစ်။ ဧပြီလ ၁၁ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သူတစ်ဦးနှင့် ပျက်စီးနေသည့် ဆိုင်ကယ်တစ်စီးအားတွေ့ရစဉ်။
(ဓာတ်ပုံ-ကျွန်းလှ၊ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ )

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီက ဧပြီလ ၁၁ ရက်နေ့က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး၊ ကလေးငယ်တွေအပါအဝင် သေဆုံးခဲ့တဲ့အရပ်သား ၅၃ ဦးရှိပြီလို့ ကနဦးကောက်ယူထားတဲ့စာရင်းအရ သိရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ညနေ ၆ နာရီခွဲမှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒါဟာ ကနဦးကောက်ယူထားတဲ့စာရင်း ဖြစ်ပြီး သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

"သေဆုံးသူတွေရဲ့ ရုပ်အလောင်းဟာ အလွန်ဆိုးဝါး ထိခိုက်ပျက်စီးနေပြီး ခွဲခြားရန်ပင် မဖြစ်နိုင်တော့ပါ" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ဟာ ပဇီကြီးရွာကို ဒီနေ့မနက် ၈ နာရီခန့်မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး ရဟတ်ယာဉ်တွေပေါ်ကနေ စက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

ဧပြီလ ၁၁ ရက် ဒီနေ့မနက်ပိုင်းက ပဇီကြီးရွာမှာ လူ ၈၀၀ ခန့် စုဝေးနေချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက... စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို ဧပြီ ၁၁ ရက်နေ့မနက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဟာ သူတို့လုပ်ရပ်ဖြစ်ကြောင်း စစ်တပ်ပိုင်မြန်မာ့အသံသတင်းဌာနကနေတစ်ဆင့် ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။