ကောလင်းကို လေကြောင်းနဲ့ ဒရုန်းသုံးပြီး စစ်ကောင်စီ ထိုးစစ်ဆင်
2024.02.07
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို ပြန်လည်ရရှိဖို့ လေကြောင်းနဲ့ ဒရုန်းသုံးပြီး စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ကောလင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ပြောပါတယ်။
ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ကောင်စီ စစ်ကြောင်းဟာ ကောလင်းမြို့ရဲ့ အနောက်တောင်ဘက် အစပ်နားထိ ထိုးစစ်ဆင်ရောက်ရှိနေပြီလို့ ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"စစ်ကောင်စီဘက်က အပြင်းအထန်ကို တိုက်နေတာပါ။ စစ်ကောင်စီ စစ်ကြောင်းက ကောလင်းမြို့အစပ်ကို ရောက်နေပြီ။လေကြောင်းနဲ့တင် ဒီနေ့ တစ်နေ့တည်း လေးခါလောက် လာပစ်တယ်။ အခြေအနေကတော့ ကောလင်းကိုမကျအောင် အပြင်းအထန် ကာကွယ်နေရတဲ့ အဆင့်ပါပဲ"
စစ်ကောင်စီ စစ်ကြောင်းဟာ ကောလင်းမြို့ အနောက်တောင်ဘက် ကြာအင်း၊ သဒွတ်ခုံ၊ ဖန်းခါးကုန်းရွာတွေဘက်ကနေ ဝေဟင်နဲ့ မြေပြင်ကနေ တစ်ပြိုင်နက် ထိုးစစ်ဆင်လာတာဖြစ်ပြီး စစ်ကောင်စီတပ်က မြို့အစပ်နားကို ဒီနေ့ ညနေပိုင်းမှာ ရောက်လာတာလို့ ဆိုပါတယ်။
ကောလင်းမြို့ကို ဟောင်ဝှစ်ဇာ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့သလို လေကြောင်းကနေလည်း လေးကြိမ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့ပြီး ဒရုန်းတွေကိုပါ အများအပြား အသုံးပြုလာတယ်လို့ ကာကွယ်ရေးတပ်က ပြောပါတယ်။
စစ်ကောင်စီက ကောလင်းမြို့ကို ပြန်လည်ရရှိဖို့ လိုအပ်တာထက် သာလွန်အင်အားအသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ကောလင်းကာကွယ်ရေးတပ်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“တော်တော်လေး လိုအပ်တာထက် လူအင်အားလည်း သုံးတယ်။ လက်နက်အင်အားလည်း သုံးတယ်။ မနေ့က တိုက်ပွဲက ပြန်လာတဲ့ ကလေးတွေ ရိုက်လာတဲ့ ဗီဒီယိုကို ကြည့်လိုက်တော့ အပေါ်ကနေပြီး ကျည်မိုးရွာနေသလိုပဲ ရက်ရက်စက်စက်ကို ပစ်တာ။ လေကြောင်းနဲ့ အရင် ပစ်ကူပေးတယ်။ အဲဒီအချိန်မှာ စကစက ရှေ့ကိုတိုးတိုးလာတယ်။ လေကြောင်းနဲ့ ပစ်တဲ့ချိန်က ကိုယ့်ကလေးတွေက ညိမ်နေရတာပေါ့”
ဂျက်တိုက်လေယာဉ်နဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို အသုံးပြုပြီး ဝေဟင်ကနေ ပစ်ကူပေးရင်း မြေပြင်ကနေလည်း စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၃ ရက်နေ့ကစလို့ စစ်ကောင်စီတပ်ဟာ ကောလင်းမြို့ရဲ့ တောင်နဲ့မြောက်ဘက်ကနေ စစ်ကြောင်းထိုးလာတာကြောင့် မြို့ရဲ့အနောက်တောင်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေသလို နှစ်ဖက်အကျဆုံးရှိပေမဲ့ လတ်တလော စာရင်းအတိကျ မပြောနိုင်သေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီက ကောလင်းမြို့ကို စစ်ကြောင်းထိုးနေတာနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို မေးမြန်းဖို့ RFA က ဖုန်းဆက်ခဲ့ပေမဲ့ စက်ပိတ်ထားကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းထဲက ကောလင်းမြို့အပြင် ရွှေပြည်အေးမြို့ကိုလည်း ဇန်နဝါရီ ၁၃ ရက်နေ့ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်နေပေမဲ့ လက်ရှိအချိန်ထိ ပြန်လည်သိမ်းယူနိုင်တာ မရှိသေးပါဘူး။
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ပူးပေါင်းပြီး ၂၀၂၃ နိုဝင်ဘာလ ၆ ရက်နေ့မှာ ကောလင်းမြို့ကို တိုက်ခိုက်သိမ်းယူခဲ့တာပါ။ အဲဒီနောက် ဒီဇင်ဘာ ၃ ရက်နေ့ကစပြီး ကောလင်းမြို့ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ စီးပွားရေး ကိစ္စတွေကို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က စီမံခန့်ခွဲနေတာဖြစ်ပါတယ်။