သယံဇာတကော်မတီအတွင်းရေးမှူး လုပ်ကြံခံရမှု NUG ဖော်ထုတ် အရေးယူမည်

RFA Burmese
2025.01.04
သယံဇာတကော်မတီအတွင်းရေးမှူး လုပ်ကြံခံရမှု NUG ဖော်ထုတ် အရေးယူမည် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
Kawlin Revolution – KR

စစ်ကိုင်းတိုင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနလက်အောက်က ကောလင်းမြို့နယ် သယံဇာတကော်မတီအတွင်းရေးမှူး ဦးအရိန္ဒမာ မတရား လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာနဲ့ ပတ်သက်လို့ အမိန့်ပေးစေခိုင်းသူတွေနဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူမယ်လို့ NUG က ဇန်နဝါရီလ ၄ ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အမှန်တရားဘက်ကနေ ရပ်တည်ပြီး တိုင်းပြည်နဲ့ ဒေသကောင်းကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ တိတိကျကျ အဂတိကင်းကင်းလုပ်နေတဲ့ ဦးအရိန္ဒမာကို လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဒါမှမဟုတ် တစ်စုတစ်ဖွဲ့ကဖြစ်စေ လုပ်ကြံသတ်ဖြတ်တာကို ကန့်ကွက်ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။

ဇန်နဝါရီလ ၂ ရက် မွန်းလွဲ ၂ နာရီလောက်မှာ ကောလင်းမြို့နယ် ရွှေတွင်းနဲ့ ရှမ်းကလုံးကျေးရွာအစပ်မှာ ဦးအရိန္ဒမာ မတရားလုပ်ကြံသတ်ဖြတ်ခံခဲ့ရတာလို့ NUG သယံဇာတဝန်ကြီးဌာန ကြေညာချက်မှာ ပါရှိပါတယ်။

NUG သယံဇာတဝန်ကြီးဌာနအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ပြည်သူ့ဝန်ထမ်းကောင်းတစ်ယောက် ဆုံးရှုံးရတာဖြစ်ပြီး ကျန်ရစ်သူမိသားစုနဲ့ ထပ်တူလွန်စွာကြေကွဲဝမ်းနည်းရတယ်လို့လည်း ဖော်ပြပါတယ်။

အစောပိုင်းမှာ ဆိုင်ကယ်မတော်တဆမှုကြောင့် သေဆုံးတယ်လို့ သတင်းရခဲ့ပေမဲ့ စုံစမ်းစစ်ဆေးတဲ့အခါ သေနတ်ပစ်ခံရတဲ့အကြောင်း NUG သယံဇာတဝန်ကြီး ဒေါက်တာ တူးခေါင်က သူ့လူမှုကွန်ယက်မှာ ဇန်နဝါရီလ ၂ ရက်နေ့က ရေးသားပါတယ်။

ဦးအရိန္ဒမာဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) အရာရှိတစ်ယောက်ဖြစ်ပြီး သေဆုံးချိန်မှာ သမီးတစ်ယောက် ကျန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။