ကောလင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးဦး သေဆုံး၊ နှစ်ဦးဒဏ်ရာရ

RFA Burmese
2024.10.08
ကောလင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးဦး သေဆုံး၊ နှစ်ဦးဒဏ်ရာရ ကောလင်းမြို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဥ်။
Facebook/ Kawlin Info

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကုက္ကိုလ်ကုန်းရွာကို အောက်တိုဘာ ၈ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားသုံးဦး သေဆုံးပြီး နောက်ထပ်နှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ညနေ သုံးနာရီခွဲခန့်မှာ ဂျက်တိုက်လေယာဥ်နဲ့ သုံးကြိမ် လာရောက်ပစ်ခတ်တာကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေ ရှိခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီဘက်မှာ ဘာတိုက်ပွဲမှမရှိဘဲနဲ့ မနေ့က ညနေ သုံးနာရီကျော်လောက်မှာ ဂျက်ဖိုက်တာနဲ့ သုံးချက် လာပစ်သွားတယ်။ ကျား-နှစ်ယောက်၊ မ-တစ်ယောက် သေသွားတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်”

သေဆုံးသူတွေဟာ ကုက္ကိုလ်ကုန်းရွာက အသက် ၂၀ နဲ့ ၄၀ အရွယ် အမျိုးသားနှစ်ဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ပါတယ်။

လူထိခိုက်သေဆုံးမှုတွေအပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်နဲ့ ယာဥ်တချို့လည်း ထိခိုက်ပျက်စီးတယ်လို့ ဆိုပါတယ်။

အခု လေကြောင်း တိုက်ခိုက်ခံရတဲ့နေရာမှာ တိုက်ပွဲဖြစ်တာမျိုး မရှိတာကြောင့် စစ်ကောင်စီတပ်က ဘာကြောင့် လာရောက်တိုက်ခိုက်တယ် ဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ကောလင်းမြို့နယ်နဲ့ တစ်ဆက်တည်းဖြစ်တဲ့ ပင်လည်ဘူးမြို့ကိုတော့ အောက်တိုဘာ ၈ ရက်နေ့မှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူခဲ့ပြီး အဲဒီနေရာမှာလည်း ဒီနေ့အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့ကတော့ ကောလင်းမြို့နယ်အနောက်ခြမ်းက ဥက္ကံရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ခုနစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။