ပဇီကြီးရွာတိုက်ခိုက်ခံရမှု စစ်ကောင်စီသတင်းပေး လေးဦးကို ဖမ်းဆီးထားကြောင်း NUG ပြော

RFA Burmese
2023.04.29
ပဇီကြီးရွာတိုက်ခိုက်ခံရမှု စစ်ကောင်စီသတင်းပေး လေးဦးကို ဖမ်းဆီးထားကြောင်း NUG ပြော ဖမ်းဆီးခံထားရသည့် ပဇီကြီးလေကြောင်းတိုက်ခိုက်မှု စစ်ကောင် သတင်းပေး ဦးချို၊ ကိုဇော်မင်း၊ ဒေါ်ယဉ်ယဉ်ဝင်းနှင့် ဦးသိန်းရွှေတို့ကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Ministry of Home Affairs and Immigration - Myanmar

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်ကို သတင်းပေးခဲ့သူလေးဦးကို ဖမ်းဆီးထားတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဧပြီလ ၂၉ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့အကူအညီနဲ့ အခုလိုဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးထားသူတွေဟာ ဦးသိန်းရွှေ၊ ဦးချို၊ ကိုဇော်မင်းနဲ့ ဒေါ်ယဉ်ယဉ်ဝင်းတို့ဖြစ်ပြီး သူတို့ကို ကန့်ဘလူမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှာ (ပ) ၁/၂၀၂၃ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ နဲ့ အမှုဖွင့်ထားတယ်လို့လည်း ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိတဲ့ တရားခံလို့ယူဆရသူတွေကို စစ်ဆေးချက်တွေအရ ဦးဝါသဝနဲ့ နောက်ထပ် စစ်ကောင်စီတပ်သတင်းပေး ဒေါ်နွဲ့ယဥ်တို့ကိုလည်း ကန့်ဘလူမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့ စခန်းမှာ (ပ) ၃/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ နဲ့ အမှု ဖွင့်ထားတယ်လို့ ဆိုပါတယ်။

ဧပြီလ ၁၁ ရက်မနက်ပိုင်းက ပဇီကြီးရွာမှာပြုလုပ်တဲ့ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရုံးသစ်ဖွင့်ပွဲကို စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၈၁ ဦးသေဆုံးခဲ့ပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခဲ့မှုမှာ ရွာအပြင်ဘက်မှာ သီးခြားရှိနေတဲ့ အဆောက်အအုံကို စစ်ရေးပစ်မှတ်အဖြစ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ မြဝတီသတင်းစာကနေတစ်ဆင့် ဧပြီလ ၁၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ပဇီကြီးရွာအနီးမှာ အမျိုးသားညီညွတ်ရေး အစိုးရရုံးအဖြစ် တည်ဆောက်ပြီး ဖွင့်ပွဲလုပ်ဖို့စီစဉ်ခဲ့တာကြောင့် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter – Terrorism Operation) အဖြစ် ဆောင်ရွက်ခဲ့တယ် လို့လည်းဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။