ပဇီကြီးကျေးရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု NUG နဲ့ NLD ပြင်းပြင်းထန်ထန် ရှုတ်ချ
2023.04.11

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်က ပဇီကြီးကျေးရွာကို ဧပြီ ၁၁ ရက်နေ့ မနက်က စစ်ကောင်စီက လေကြောင်းကနေ ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အပြစ်မဲ့ဒေသခံပြည်သူတွေ အစုလိုက်အပြုံလိုက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုအတွက် အင်မတန်ထိခိုက်ကြေကွဲဝမ်းနည်းရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာချက်ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ သူ့ရဲ့ တကယ့်ဇာတိရုပ်ကို ထပ်မံဖော်ထုတ်ပြသလိုက်တာ ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်လွန်းတဲ့ စစ်ရာဇဝတ်မှုတစ်ခုကို ထပ်မံကျူးလွန်လိုက်တာ ဖြစ်တယ်လို့ ယာယီသမ္မတ ဒူးဝါးလရှီလက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ကြောင့် တော်လှန်ရေး စိတ်ဓာတ်တွေ နောက်ဆုတ်ယိမ်းယိုင် သွားမှာ မဟုတ်ဘဲ အခုလိုဖြစ်ရပ်တွေက တော်လှန်ရေးကို ဆထက်ထမ်းပိုး တိုက်ပွဲဝင် သွားကြဖို့ ကြီးမားတဲ့ တွန်းအားဖြစ်တယ်လို့ ဆိုပါတယ်။
ကြေကွဲစရာဆုံးရှုံးမှုတွေအတွက် အလဟဿမဖြစ်စေရဘဲ စစ်ကောင်စီရဲ့ အခုလို ရက်စက် ယုတ်မာမှုတွေ လုံးဝရပ်ဆိုင်းသွားအောင် ပိုမိုအားထုတ် ကြိုးပမ်းသွားမယ်လို့လည်း သမ္မတ ဒူဝါးလရှီလက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်း မြန်မာနိုင်ငံတစ်ဝန်းမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ကျူးလွန်နေတဲ့ မြန်မာ စစ်ကောင်စီကို ထိရောက်တဲ့တားဆီးမှုတွေ ပြုလုပ်ဖို့ ကမ္ဘာ့နိုင်ငံအသီးသီးကို တောင်းဆိုလိုက်ပါတယ်။