ပေါက်တောမှာ ရုန်းရင်းဆန်ခတ်မှု အပြီး နောက်ထပ်အလောင်း တစ်လောင်း တွေ့ရှိ
2013.06.28
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင် ဒုက္ခသည်စခန်းမှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုကြောင့် မွတ်စလင် ဒုက္ခသည်တစ်ဦး သေဆုံးခဲ့ပြီး မနေ့ညနေပိုင်းမှာလည်း နောက်ထပ် အလောင်းတစ်လောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က RFA ကို ပြောပါတယ်။
ထပ်မံရှာဖွေတွေ့ရှိတဲ့ အလောင်းကို သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူတွေက ကျေးရွာအတွင်းမှာ ဝင်ရောက်စစ်ဆေးနေစဉ် တွေ့ရှိတာလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေးဆပ်ကော်မတီအဖွဲ့ဝင် ဦးမျိုးသန်းက RFA ကို ဒီကနေ့ ပြောပါတယ်။
မနေ့က ဇွန်လ ၂၇ ရက်နေ့ နေ့လည်ပိုင်းမှာ ပေါက်တောမြို့နယ် ကြိမ်နီပြင်ဒုက္ခသည်စခန်းမှာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR က တာဝန်ယူကာ ဒုက္ခသည်စခန်းတန်းလျားတွေ ဆောက်လုပ်နေစဉ် အလုပ်သမား ၃၅ ဦးနဲ့ ဒုက္ခသည် သုံးရာကျော်တို့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
အဲဒီ သုံးရာကျော်တဲ့ လူအုပ်စုဟာ မနေ့က သူတို့ဒုက္ခသည်စခန်းကို ရောက်ရှိနေတဲ့ ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲစခန်းမှူးနဲ့ နစကအရာရှိတွေ၊ ဌာဆိုင်ရာဝန်ထမ်းတွေအပြင် လုံခြုံရေးဝန်ထမ်းတွေကိုပါ ထပ်မံတိုက်ခိုက်ဖို့ ကြိုးစားလာခဲ့တာကြောင့် စစ်တပ်က သေနတ်နဲ့ပစ်ဖောက်ပြီး လူစုခွဲခဲ့ရာမှာ ဒုက္ခသည်တစ်ဦးသေဆုံးခဲ့တာပါ။
ဒီဖြစ်စဉ်ကြောင့် သေဆုံးသွားသူ ၂ ဦးဟာ ကြိမ်နီပြင် ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ဘော်ဒေါနဲ့ မာမောက်ဆော်လိမ်တို့ဖြစ်ပြီး ဒဏ်ရာရသူ ၆ ဦးကို နယ်စည်းမထား ဆရာဝန်များအသင်း AZG အဖွဲ့နဲ့ မြို့နယ်တာဝန်ရှိသူတွေက ဆေးကုသပေးနေသလို အဲ့ဒီဒုက္ခသည်တန်းလျား ဆောက်လုပ်မှုလုပ်ငန်းကိုလည်း ယာယီရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။