ပေါက်တောမြို့ကို AA ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း မြောက်ပိုင်းသုံးဖွဲ့ထုတ်ပြန်

ရခိုင်ပြည်နယ် ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် (AA) က အလုံးစုံထိန်းချုပ်ထားပြီလို့ ဇန်နဝါရီ ၂၄ ရက်နေ့ ညမှာ ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဘယ်နေ့ကစပြီး ထိန်းချုပ်ထားတယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ တိတိကျကျမဖော်ပြထားပါဘူး။
ရခိုင်ပြည်နယ် အခြေစိုက်သတင်းဌာနတွေကတော့ ပေါက်တောမြို့ကို AA က ထိန်းချုပ်လိုက်ပြီလို့ ဇန်နဝါရီ ၂၀ ရက်နေ့ကတည်းက ရေးသားဖော်ပြခဲ့ကြပါတယ်။
ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကလည်း ပေါက်တောမြို့က စစ်ကောင်စီတပ်သားတွေ ရုပ်သိမ်းသွားပြီဖြစ်တာကြောင့် ပေါက်တောမြို့ကို AA က ထိန်းချုပ်လိုက်တယ်ဆိုတာဖြစ်နိုင်ကြောင်း RFA ကို ဇန်နဝါရီ ၂၀ ရက်နေ့က ပြောထားပါတယ်။
ဇန်နဝါရီ ၂၄ ရက်နေ့ညက မြောက်ပိုင်းသုံးဖွဲ့ ထုတ်ပြန်ချက်မှာ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နဲ့ ရသေ့တောင်မြို့နယ်က စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်ကြိုးစားနေပြီး၊ စခန်းသိမ်းတိုက်ပွဲတွေကြောင့် စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
ရမ်းဗြဲမြို့နယ်မှာလည်း တိုက်ပွဲတွေ ဆက်ရှိနေပြီး စစ်ကောင်စီက ဇန်နဝါရီ ၂၄ ရက်နေ့ တစ်ရက်တည်းမှာပဲ လေကြောင်းကနေ ၃၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ ပြောထားပါတယ်။ တစ်ရက်အတွင်း အကြိမ်ရေ အများဆုံး လေကြောင်းတိုက်ခိုက်မှုလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဇန်နဝါရီ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ ဘူးသီးတောင်၊ မောင်တောနဲ့ မင်းပြားမြို့တွေက ကလေး သုံးဦး အပါအဝင် လေးဦးသေဆုံးပြီး ကလေး လေးဦးအပါအဝင် ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
ပေါက်တောမြို့ကို AA က ထိန်းချုပ်လိုက်ပြီဆိုတဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။