ပေါက်မြို့ ကျွန်းကြီးရွာ အိမ် ၁၁ လုံး မီးရှို့ခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဧပြီလ ၂၃ ရက် ဒီနေ့ ကျွန်းကြီးရွာကိုရောက်လာပြီးနောက် နေအိမ် ၁၁ လုံး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက် ဆယ်နာရီခွဲခန့်က မီးလောင်ခံရတာဖြစ်ပြီး ရွာထဲမှာ သစ်ပင်တွေထူထပ်လို့ ဆုံးရှုံးမှုနည်းခဲ့တာလို့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
“မနေ့က ကျွန်းပင်ရွာကိုဝင်တယ်၊ ရွာထဲက စားနပ်ရိက္ခာတွေသယ်သွားတယ်။ ဒီကနေ့ ကျွန်းကြီးရွာကို ရောက်လာတော့ မီးရှို့သွားတယ်။ သူတို့ထွက်သွားတဲ့အချိန် ရွာကိုပြန်ဝင်ကြတော့ အနီးနားရွာတွေပါ အကူအညီတောင်းတော့ မီးငြှိမ်းလိုက်နိုင်တယ်”
ကျွန်းကြီးရွာမှာ အိမ်ခြေ ၂၃၅ လုံးရှိပြီး မီးလောင်ချိန်မှာ ရွာသားတွေက အချိန်မီ မီးငြှိမ်းသတ်နိုင်ခဲ့ကြလို့ ဆုံးရှုံးခံရတာ သက်သာခဲ့ရတယ်လို့ ပြောပါတယ်။
ဆိပ်ဖြူမြို့နယ် ရွှေဘိုကျွန်းမြို့က ကပစ ၂၄ လက်နက်စက်ရုံရဲ့ စစ်သားတွေက စစ်ကြောင်းထိုးလာတာလို့ ပြောကြသလို လမ်းတစ်လျှောက်က ကွမ်းခြံသုံးခြံလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျွန်းကြီးရွာကနေ ရေကျော်ရွာဘက်ကို ထွက်သွားပြီး အဲဒီမှာလည်း နေအိမ်တွေ ထပ်မံမီးရှို့ခံလိုက်ရကာ အရေအတွက်အတိအကျတော့ မသိရဘူးလို့ ပြောပါတယ်။
Data For Myanmar အဖွဲ့ရဲ့စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီလ ၁၃ ရက်အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေက မီးရှို့လို့ နေအိမ် ၉၁၈၇ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။