ပေါက်တော အကြမ်းဖက် မှု နှစ်ဦးသေ၊ သုံးဦး ဒဏ်ရာပြင်းထန်


2013.11.03
နိုင်ငံတကာ NGO တွေ ဘက်လိုက်မှုရှိတယ်ဆိုပြီး စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီးဝင်းထဲမှာ မြို့ခံ ၃၀၀ လောက် နိုဝင်ဘာလ ၂ ရက်နေ့က ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ဆန္ဒပြခဲ့နေကြစဉ်
Photo: RFA/Min Thein Aung

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှာ မနေ့က ဂုံးကောက်သူ ရခိုင်အမျိုးသမီးတချို့ကို မွတ်စလင်အမျိုးသား သုံးဦး က ဓားတွေနဲ့ ဝင်ခုတ်ခဲ့လို့ ဆင်အိုင်ကျေးရွာသူ အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောကြားပါတယ်။

မနေ့က ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေးဆပ်ကော်မတီ ဥက္ကဌ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက RFA ကို အခုလိုပြောပါတယ်။

"ဆင်အိုင်ရွာမှာ ရခိုင်ကလေးမတွေ ဂုံးသွားကောက်တာကို ကုလား ၃ ယောက်က တုတ်တွေ၊ ဓားတွေနဲ့ ဝင်ခုတ်တာ၊ လိုက်ခုတ်တော့ အမျိုးသမီးတစ်ယောက်ဆုံးတယ်၊ ကျန်တဲ့အမျိုးသမီးတစ်ယောက် ဒဏ်ရာရတယ်၊ စစ်တွေဆေးရုံကိုပို့တယ်"

ဘာကြောင့် အခုလို အမျိုးသမီးတွေကို ဓါးနဲ့ခုတ်မှုဖြစ်ပွားခဲ့သလဲဆိုတာတော့ မသိရသေးပါဘူး။ တချိန်တည်းမှာပဲ မနေ့က ပေါက်တောမြို့နယ် ဆင်တမော်ကျေးရွာနားက မွတ်စလင် ဒုက္ခသည်စခန်းတစ်ခုမှာ လူပျောက်လို့ လိုက်လံရှာဖွေရာမှာ အလောင်းတစ်လောင်းတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ်မှာ လာရောက်ကြည့်ရှုသူတွေ များပြားလာလို့် ရဲတွေကတားမြစ်တာမရဘဲ သေနတ်နဲ့ ပစ်ခတ်တာကြောင့် မွတ်စလင်အမျိုးသား သုံးဦး သေနတ်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။ အဲဒီထဲကတစ်ဦးဟာ စစ်တွေဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

အဲဒီအဖြစ်အပျက်နှစ်ခုမှာ ဆင်အိုင်ကျေးရွာက ဒဏ်ရာရရှိသူ ရခိုင်အမျိုးသမီးကို စစ်တွေဆေးရုံကို ပို့ဆောင်ရာမှာ ရွာခံတွေရဲ့ အကူအညီနဲ့ စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ဆင်တမော်ရွာနားက မွတ်စလင်အမျိုးသား သုံးဦးကို နိုင်ငံတကာ NGO တွေက လုပ်ငန်းသုံး လျှပ်ပြေးအမြန်ယာဉ်နဲ့ စစ်တွေဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စကို မကျေနပ်တဲ့ စစ်တွေမြို့ခံ ၃၀၀ ကျော်လောက်က နိုင်ငံတကာ NGO တွေရဲ့ အကူအညီတွေဟာ ဘက်လိုက်မှုရှိတွေရှိနေတဲ့အတွက် အလိုမရှိကြောင်း စစ်တွေဆေးရုံကြီးဝင်းထဲမှာ ဒီနေ့ နေ့လည်ပိုင်းကဆန္ဒပြခဲ့ကြပါတယ်။

တချိန်ထဲမှာပဲ မနေ့က ဖြစ်ပွားခဲ့တဲ့ကိစ္စရပ်တွေကို အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ဆီကို ဒီနေ့ စာရေးသားတောင်းဆိုလိုက်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။