လွှတ်တော်ရုံးနဲ့ ပညာရေးဝန်ကြီးဌာနရဲ့ တားမြစ်မှုကို ကန့်ကွက်
2018.08.28
ပုသိမ်တက္ကသိုလ်မှာ ကျောင်းသားလွှတ်တော် ကျင်းပတာကို ပြည်ထောင်စု လွှတ်တော်ရုံးနဲ့ ပညာရေးဝန်ကြီးဌာန တွေက တားမြစ်တဲ့အပေါ် ပုသိမ်တက္ကသိုလ် ဆရာ၊ ဆရာမများအသင်းက ကန့်ကွက်လိုက်ပါတယ်။
ကျောင်းသားတွေ လုပ်ဆောင်တာဟာ လွှတ်တော်ကို ဂုဏ်သရေညိုးနွမ်းအောင် လုပ်တာမဟုတ်တဲ့အတွက် တားမြစ်ချက်ကို ကန့်ကွက်တာလို့ ပုသိမ်တက္ကသိုလ် ဆရာ၊ ဆရာမများအသင်းက ဦးသန်းထိုက်အောင် က ပြောပါတယ်။
"ဒီလိုအချိန်မှာ ပိတ်ပင်တားဆီးခြင်းသည် မကောင်းဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဒီမိုကရေစီ စနစ်နဲ့ သွားနေတဲ့အချိန်မှာ လွှတ်တော်ဆိုတဲ့ စကားရပ်ကို ကျောင်းသူ၊ ကျောင်းသားတွေက မဖွယ်မရာ မဟုတ်ဘူး။ သူတို့သုံးထားတဲ့ အသုံးအနှုန်းသည် မဖွယ်မရာမဟုတ်ဘဲနဲ့ အခုလုပ်နေတဲ့ ပြည်သူ့လွှတ်တော်တို့ ပြည်ထောင်စု လွှတ်တော်တို့၊ အမျိုးသားလွှတ်တော်တို့ တိုင်းဒေသကြီးလွှတ်တော်တို့တွေ အကုန်လုံး ရှိတာပေါ့နော်။ အဲ့ဒီလို လုပ်တာက လွှတ်တော်တွေရဲ့ အရောင်ကိုတောင် ပိုပြီးတော့ ထွက်လာစေပါတယ်။ တကယ်တမ်းဆို အားတောင်ပေးရမှာ၊ အားတောင်မပေးဘဲ ဒီလိုတားမြစ်တာက တကယ်တမ်းမလုပ်သင့်တဲ့ကိစ္စ"
လွှတ်တော်ဆိုတဲ့ အသုံးအနှုန်းဟာ အစိုးရအဖွဲ့ထဲမှာသာ သုံးခွင့်ရှိတယ်လို့ ဥပဒေတွေမှာ သတ်မှတ်မထားကြောင်း၊ အခုလို တားမြစ်တာဟာ ဥပဒေနဲ့ မကိုက်ညီဘဲ အစိုးရရဲ့ အရှိန်အဝါသုံးပြီး ကျောင်းသားတွေရဲ့ အခွင့်အရေးကို ဝင်ရောက်စွက်ဖက်တယ်လို့ ယူဆကြောင်းလည်း ဦးသန်းထိုက်အောင်က ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော်ရုံးနဲ့ ပညာရေးဝန်ကြီးဌာနရဲ့ တားမြစ်ချက်ကို ပြန်ရုပ်သိမ်းဖု့ိ တောင်းဆိုတယ်လို့ ပုသိမ် တက္ကသိုလ် ဆရာ ဆရာမများအသင်းရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
သြဂုတ်လ ၂ ရက် နဲ့ ၃ ရက်နေ့တွေက ပုသိမ်တက္ကသိုလ်မှာ ကျောင်းသားလွှတ်တော် ကျင်းပပြီး ကျမ်းသစ္စာ ကျိန်ဆိုတာတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။