KIO နှင့် အစိုးရကြား ကချင် ဓမ္မဆရာများ ကြားဝင်စေ့စပ်နေ
2011.04.18

စေ့စပ်ရေးမှာ ဦးစီး ဆောင်ရွက်နေသူကတော့ ကချင် နှစ်ချင်း ခရစ်ယာန်အဖွဲ့ အထွေထွေ အတွင်းရေးမှူးဟောင်း ဒေါက်တာဆဘွဲဂျွမ် ဖြစ်ပါတယ်။ ဒေါက်တာ ဆဘွဲဂျွမ်ဟာ ၁၉၉၄ ခုနှစ် KIO အဖွဲ့နဲ့ စစ်အစိုးရ ငြိမ်းချမ်းရေး ယူခဲ့တဲ့အချိန်ကလည်း စေ့စပ် ဆောင်ရွက်ပေးခဲ့သူ ဖြစ်ပါတယ်။
အဲဒီနောက် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရရနဲ့ KIO အဖွဲ့ ဆက်ဆံရေး ပျက်ပြား တင်းမာလာတဲ့ အခြေအနေကို ပြန်လည် ကောင်းမွန်လာရေးအတွက် ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ က စလို့ ဒေါက်တာ ဆဘွဲဂျွမ်နဲ့ အဖွဲ့က ကြိုပမ်းခဲ့တယ်လို့ သိရပါတယ်။
သူတို့အဖွဲ့ဟာ KIO ဒုတိယဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး အင်ဘန်လအောင် ၊ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂေါ်ရီဇော်ဆိုင်းတို့နဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး KIO အဖွဲ့ကို မေးမြန်းတဲ့အခါမှာ တွေ့ဆုံကြောင်း အတည်ပြု ပြောဆိုပေမဲ့၊ ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံတာ ဖြစ်တယ်လို့ ဆိုပါတယ်။
KIO ထိပ်တန်း အရာရှိတဦးက အခုလိုပြောပါတယ်၊
“တော်လှန်ရေးနေ့တုန်းက ချင်းမိုင်မှာ တွေ့ကြတယ်။ ဒါပေမဲ့ သူတို့ ဟိုဟာပါ၊ ဒီ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုနဲ့ တွေ့တာပဲ ဖြစ်ပါလိမ့်မယ်။ နောက်ပြီး သူတို့က ဒီကနေ ဗဟိုကနေပြီးတော့ ဘာတွေ ပြောပါ၊ သူနဲ့ တွေ့ပါ ဆိုပြီးတော့ ဗိုလ်ချုပ် ဇော်ဆိုင်းကို တာဝန်ပေးတာမျိုး မရှိဘူး။”
တွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကိုတော့ KIO အရာရှိက ပြောဆိုဖို့ ငြင်းဆိုပါတယ်။ KIO အဖွဲ့ အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားပြီး ပြဿနာပြေလည်ဖို့ ဆွေးနွေး အဖြေရှာတဲ့ မူကို လက်ခံပေမဲ့ တိုင်းရင်းသားအရေးကို တဖွဲ့ချင်း ဆွေးနွေးတာထက်၊ တိုင်းရင်းသားအားလုံးပါဝင် ဆွေးနွေးတာမျိုးကို လက်ခံတယ်လို့ ပြောဆိုပါတယ်။
စစ်အစိုးရ အဆိုပြုထားတဲ့ နယ်ခြားစောင့်တပ် BGF ဖွဲ့စည်းရေးကို ငြင်းဆန်နေတဲ့ KIO အဖွဲ့ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ထုတ် စစ်အစိုးရ သတင်းမီဒီယာတွေမှာ သောင်းကျန်းသူအဖွဲ့ အဖြစ် အမည်တပ် ဖော်ပြခဲ့ပါတယ်။
KIO နဲ့ အစိုးရကြား စေ့စပ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး RFA မှ ဦးတင်အောင်ခိုင်က KIO အဖွဲ့ကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |