ယာယီပတ်စပို့စ် သက်တမ်းတိုးခငွေ လျှော့ချ

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ယာယီပတ်စပို့စ် သက်တမ်းတိုးခငွေကို လျှော့ချ လိုက်ပြီး ယခင် ဘတ် ၄၅၀ ကနေ ယခု ဘတ် ၁၅၀ သာ သတ်မှတ်လိုက်တယ်လို့ ထိုင်းနိုင်ငံဘန်ကောက်ရှိ မြန်မာသံရုံးက ပြောပါတယ်။

2011.10.18
migrant_passport_305_z.jpg မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် တရားဝင် ထုတ်ပေးသော ယာယီ နိုင်ငံကူးလက်မှတ် (ပတ်စပို့) ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)

၂၀၀၉ ခုနှစ်က စတင်ထုတ်ပေးခဲ့တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ယာယီပတ်စပို့ သက်တန်းကာလ ပြည့်တော့မှာ ဖြစ်တဲ့အတွက် ထပ်မံ သက်တန်းတိုးနိုင်ဖို့ ပတ်စပို့ သက်တန်းတိုးခကို အခုလို  လျှော့ပေးလိုက်တာ ဖြစ်တယ်လို့ ဘန်ကောက် မြန်မာသံရုံးက မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကိုင်တွယ် ဆောင်ရွက်ပေးနေတဲ့ အရာရှိ ဦးနိုင်ထွန်းက အာအက်ဖ်အေကို ပြောပါတယ်။

“ကျနော်တို့က အခ ပတ်စပို့စ် သက်တမ်းတိုးတာ ၃နေရာပေါ့၊ လုပ်ပေးနေတယ်ပေါ့ တာချီလိတ်ရယ်၊ ရနောင်းရယ်၊ ဘန်ကောက်ရယ်ပေါ့နော်၊ အဲဒီမှာအခု ကျနော်တို့ ဒုဝန်ကြီး ဦးမြင့်သိန်း လာသွားပြီးတဲ့ နောက်ပိုင်းမှာ ဒီဟာကိုအားလုံး ထိုင်းဘက်နဲ့ညှှိတယ်၊ သံအမတ်ကြီးတို့နဲ့ ညှိပြီးမှ ဒီပတ်စပို့စ် သက်တိုးတာကို ဘတ် ၁၅၀ နှုန်းလျှော့ချမယ်။ ၄၅၀ ကနေ ၁၅၀ လျှော့ချမယ် ၊ လောလောဆယ်တော့ အခု ဒီဟာတွေကို တချို့ပွဲစားတွေကနေ လာတာတွေရှိတယ်။ အဲဒီတော့ ၁၅၀နဲ့ အားလုံး သိသွားအောင်ဆိုပြီး ကျနော်တို့ ခဏ ရပ်ထားပေးတယ်။ အဲဒီသတင်းကိုလည်း ကျနော်တို့ စပြီးတော့ ကြေညာပေးနေတယ်” လို့ ဦးနိုင်ထွန်းက အာအက်ဖ်အေကို ပြောပါတယ်။

အခုရက်ပိုင်းအတွင် အရေးပေါ် လိုအပ်မှုကလွဲပြီး ခေတ္တ ပိတ်ထားခဲ့ရာက လာမယ့်သောကြာနေ့မှာ ယာယီ ပတ်စပို့ သက်တန်းတိုးမှုကို ပြန်ဖွင့်ပေးသွားမယ်လို့ လည်း သူက ပြောပါတယ်။

ဘန်ကောက် သံရုံးနဲ့အတူ တပြိုင်တည်း တာချီလိတ်၊ ရနောင်းတို့မှာလည်း ပတ်စပို့ သက်တန်းတိုးခကို ဘတ် ၁၅၀ နှုန်းနဲ့ လုပ်ဆောင်သွားမယ်လို့ ဦးနိုင်ထွန်းက ပြောပါတယ်။

“လောလောဆယ် ကျနော်တို့ သံရုံးတော့လုပ်မယ်၊ ဒီ ရနောင်းနဲ့ တာချီလိတ် မှာတော့ ကျနော်တို့ contact လုပ်နေတယ်။ သူတို့က ဘတ် ၄၅၀ နှုန်းနဲ့ ဆက်ပြီးတော့ ထုတ်ပေးနေတယ်လို့ ပြောတယ်။ ကျနော်တို့ ၁၅၀ ဆိုရင် သူတို့ ဘက်ကလည်း ၁၅၀ ဖြစ်လိမ့်မယ်။ ဘာလို့လည်းဆိုတော့ သူတို့ဘက်က ပိုကောက်ရင် သူတို့ဘက်ကို ဘယ်သူမှ သွားတော့မှာ မဟုတ်ဘူး” လို့ ဦးနိုင်ထွန်းက ပြောပါတယ်။

ဒါ့အပြင် တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ထပ်မံ မှတ်ပုံတင်ခွင့် ပြုဖို့ နဲ့ အလုပ်သမားတွေရဲ့ မှီခိုသူ မိသားစုတွေကို ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုဖို့အတွက်လည်း ထိုင်းအလုပ်သမား ဝန်ကြီး ဖဒန်ချိုင်း ဆာစွန်ဆပ်နဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က ထိုင်းနိုင်ငံမှာ လာရောက် ဆွေးနွေးခဲ့တဲ့ မြန်မာ ဒုတိယ အလုပ်သမားဝန်ကြီး ဦးမြင့်သိန်းက တိုက်တွန်း ခဲ့တယ်လို့လည်း ထိုင်းအစိုးရက သတင်းထုတ်ပြန် ထားပါတယ်။

မြန်မာရွေ့ပြောင်း အလုပ်သမားတွေအတွက် ပြီးခဲ့တဲ့ဇွန်လက ပြုလုပ်ခဲ့တဲ့ တရားဝင် မှတ်ပုံတင်ခွင့် အစီအစဉ်ဟာ တိုတောင်းပြီး မှတ်ပုံမတင်နိုင်ဘဲ ကျန်နေသူတွေအတွက် မြန်မာဘက်က အခုလိုထပ်မံ မှတ်ပုံတင်ခွင့် တောင်းခံရတာဖြစ်တယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဆံဂ သနာဆန်ဂူဝေါင် က အတည်ပြုပြောဆိုပါတယ်။

ထိုင်းနိုင်ငံအတွင်း နေရာ ၅နေရာမှာ ယာယီပတ်စပို့စ် ထုတ်ပေးမယ်လို့လည်းသိရပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁ သန်းခွဲခန့် ရှိတယ်လို့ ထိုင်း အလုပ်သမား ဝန်ကြီးဌာန စာရင်းဇယားတွေအရ သိရပြီး ယာယီပတ်စပို့စ် ကိုင်ဆောင်တဲ့ အလုပ်သမားက ၆ သိန်းခွဲကျော် ရှိပြီး မှတ်ပုံ မတင်သေးတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားက ၅ သိန်း ဝန်းကျင်ခန့် ရှိမယ်လို့ အလုပ်သမားရေး အဖွဲ့တွေက ပြောဆို နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-02-27 23:50

ပတ်စ်ပို့သက်တန်းတိုးခအတွက်အခုကြေငြာထားတဲ့အတိုင်းမှန်ကန်ပါတယ်ဒါပေမယ့်ဗီဇာသက်တန်းနဲ့ဝါတ်ပါမစ်သက်တန်းတိုးဖို့ကြတော့ထိုင်းတောမောရုံးကအမျိုးမျိုးအခက်တွေ့အောင်လုပ်ပြီးစိတ်ဓါတ်ကျစေတယ်နောက်ဆုံးရုံးရှေ့ကပွဲစားတွေနဲ့မှအဆင်ပြေရတယ်နှစ်ဆလောက်ပိုကုန်ရတယ်သတင်းသမားတွေကိုကျန်တော်တွေ့မြင်သတင်းယူစေချင်တယ်ဗျာနောက်ပြီးတခြားနယ်မှာဗီဇာထုပြီးဘန်ကောက်ရုံးမှာ၃လတကြိမ်စည်းထုရင်လုံးဝမရဘူးဘာကြောင့်လဲမသိဘူး