အိန္ဒိယနိုင်ငံသားပိုင် စက္ကူကုန်ကြမ်းစက်ရုံ အလုပ်သမား ဆန္ဒပြ

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်း စက်မှုဇုန်မှာရှိတဲ့ အိန္ဒိယနိုင်ငံသားပိုင် နီလာစတား စက္ကူကုန်ကြမ်းစက်ရုံက အလုပ်သမား (၄၀) ကျော်ဟာ သူတို့ရဲ့ တောင်းဆိုချက်(၇) ချက်ကို အလုပ်ရှင်ဘက်က မလိုက်လျောတဲ့အတွက် ဒီကနေ့မနက်ပိုင်းက စက်ရုံရှေ့မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

2012.09.19

ညနေပိုင်းအရောက်မှာ ဆန္ဒပြ အလုပ်သမားတွေ တောင်းဆိုချက် (၇) ချက်ထဲက အချက်အများစုကို အလုပ်ရှင်ဘက်က လိုက်လျောဖို့ သဘောတူညီလိုက်ပေမယ့် အလုပ်သမားတွေရဲ့ အဆောင်နေစရိတ် အဆမတန် ဖြတ်တောက်မှုကို ပွင့်ပွင့်လင်းလင်း စာရင်းရှင်းပြဖို့ဆိုတဲ့ တောင်းဆိုချက်နဲ့ ပတ်သက်လို့တော့ ပြေလည်မှု မရသေးဘူးလို့ ဆန္ဒပြ အလုပ်သမားတစ်ဦးက RFA ကို အခုလို ပြောပါတယ်။

"အရင်တုန်းက ဒီကိစ္စတွေကို ကျွန်တော်တို့ ညှိတယ်ခင်ဗျ။ နှစ်ကြိမ် သုံးကြိမ်ရှိပြီခင်ဗျ။ ကျွန်တော်တို့ ညှိကြတယ်။ ညှိကြတဲ့အခါမှာ သူတို့က လုံးဝသဘောမတူဘူးခင်ဗျ။ အဲတာကြောင့်မို့လို့ အခုမှ စပြီးဆန္ဒပြလိုက်တာ။ ဆန္ဒပြတော့မှ အဲဒီခြောက်ချက်ကို သဘာတူတာ။ အဲတာ တစ်ချက်ကတော့ သဘောမတူသေးဘူးခင်ဗျ။ ကျွန်တော်တို့ အချက် ၇ ချက်တောင်းတယ်ခင်ဗျ။ တချက်ကတော့ ၁၇၀၀၀ ပျောက်နေတဲ့ကိစ္စ။ အဲဒီကိစ္စကို ကျွန်တော်တို့က တောင်းဆိုနေတာခင်ဗျ။ အဲဒါကို သူတို့က လစာငွေထဲကိုလည်း ထည့်မပေးဘူး။ စာရင်းကိုလည်း အတိအကျ မပြနိုင်ဘူးခင်ဗျ။ အဲတာကြောင့် ကျွန်တော်တို့က ဆန္ဒပြပြီး တောင်းဆိုနေတာပါ"

ဆန္ဒပြတောင်းဆိုချက် (၇) ချက်ထဲမှာ လစာငွေထဲကနေ (၁၀) ရာခိုင်နှုန်း ဖြတ်ယူထားတဲ့ကိစ္စ ဖြေရှင်းပေးဖို့၊ တစ်နှစ်မှာ သက်မှတ်ထားတဲ့ ခွင့်ရက် (၁၀) ရက်ထဲက ခွင့်ယူရင် လစာငွေမဖြတ်ဖို့၊ (၈) လပိုင်း လစာငွေထဲမှာ ရောနှောဖော်ပြထားတဲ့ ရက်မှန်ကြေးနဲ့ ရှားပါးစရိတ်ကို အလုပ်သမားတွေ နားလည်အောင် ရှင်းပြပေးဖို့ စတဲ့အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

အဲဒီ နီလာစတား စက္ကူကုန်ကြမ်း စက်ရုံမှာ အလုပ်သမား (၈၀) ကျော်ရှိပြီး စက်ရုံက ထွက်ရှိတဲ့ စက္ကူကုန်ကြမ်းတွေကို ဂျပန်နိုင်ငံကို တင်ပို့နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။