လစာတိုးရရေး အလုပ်သမားရေးရာခုံရုံးကို တင်ပြ
2012.06.18

ဒီလ ၉ ရက်နေ့ ကတည်းက စတင်တောင်းဆိုနေတာဖြစ်ပေမယ့် မလိုက်လျောတဲ့အတွက် အခုလို ဆက်လက်တင်ပြရတာဖြစ်ကြောင်း၊ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုရဲလင်းစိုးက အခုလိုပြောပြပါတယ်။
"အခုက ကျွန်တော်တို့က မြို့နယ်ညှိနှိုင်းပေးတာ လုံးဝအဆင်မပြေတော့ တိုင်းခုံသမာဓိကို ကျွန်တော်တို့ တစ်ဆင့်တပ်တင်ရတာပေါ့။ ကျွန်တော်တို့က လက်ရှိအခြေခံလစာ ၁၄၅၀၀ ကို ထပ်မံတိုးမြှင့်ပေးဖို့ပေါ့နော်။ အခြေခံလစာကို ၃၀၀၀၀ အထိတိုး မြှင့်ပေးဖို့ ကျွန်တော်တို့က တောင်းဆိုထားတယ်လေ"
အလုပ်သမားရေးဌာနက ညွန်ကြားရေးမှူး ဦးဝင်းရှိန် ဝင်ရောက်ညှိနှိုင်းပေးရာမှာ အဆင့် ၃ ဆင့်ခွဲပြီး ညှိနှိုင်းပေးခဲ့ကြောင်း၊ ပထမအဆင့်က အမြင့်ဆုံးလုပ်ခ ၈ သောင်းကျော်၊ ဒုတိယအနေနဲ့ ၇ သောင်းကျော်၊ နောက်တစ်ဆင့်က ၆ သောင်းကျော်နဲ့ ညှိနှိုင်းပေးခဲ့ပါတယ်။
အလုပ်သမားတွေဘက်က ဒီအထဲကဘယ်အဆင့်ဖြစ်ဖြစ် သဘောတူမယ်လို့ ပြောခဲ့ပေမယ့် အလုပ်ရှင်ဘက် ဘာတစ်ခုမှ တိုးမပေးနိုင်ဘူးလို့သာ အကြောင်းပြန်ခဲ့တယ်လို့ အလုပ်သမားတွေက ပြော ပါတယ်။
အခြေခံလစာ တစ်သောင်းလေးထောင် သတ်မှတ်ထားတာကို သုံးသောင်းအထိ တိုးပေးဖို့နဲ့၊ ရှားပါးစားရိတ် နှစ်သောင်းကို သုံးသောင်းတိုးပေးဖို့၊ စုစုပေါင်း အခြေခံလစာ ခြောက်သောင်းပေးဖို့ တောင်း ထားတာဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး အလုပ်သမားတွေဘက်က ရှားပါးစားရိတ် တိုးမတောင်းတော့ဘဲ၊ အခြေခံလစာ ၃ သောင်းအထိ တိုးပေးဖို့ပဲ တောင်းဆိုတာကိုလည်း မလိုက်လျောဘူးလို့ ကိုရဲလင်းစိုးကပြောပါတယ်။
ဒီကနေ့မှာတော့ စက်ရုံဝင်းအတွင်းကို မူရင်းပေးထားတဲ့လစာနဲ့ အလုပ်လုပ်နိုင်တဲ့သူဝင်၊ မလုပ်နိုင်တဲ့သူ မဝင်နဲ့ ဆိုတဲ့သဘောနဲ့ စက်ရုံဝင်းတံခါးကို ပိတ်ထားလိုက်တဲ့အတွက် ဆန္ဒပြအလုပ်သမားတွေ ဟာ စက်ရုံဝင်း အပြင်မှာပဲ စုရုံးနေကြရပါတယ်။
အဲဒီ ဖာဆိုမို အထည်ချုပ်စက်ရုံပိုင်ရှင်ဟာ ဂျပန်အမျိုးသား နာတာရှီးမား ဖြစ်ကြောင်းသိရပါတယ်။ ဒီစက်ရုံမှာ အလုပ်သမား စုစုပေါင်း ၆၀၀ ကျော်ရှိတဲ့အထဲက ၄၀၀ ကျော်က လစာတိုးပေးရေး ဆန္ဒပြနေကြပါတယ်။