ရေဘေးကြုံခဲ့ရတဲ့ ဒီးမော့ဆိုမှာ ကုန်ဈေးနှုန်း မြင့်တက်
2024.10.10

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားပြီး ဆန်နဲ့ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေက အောက်တိုဘာ ၁၀ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
ဆန်တစ်အိတ်ကို ကျပ်လေးသောင်းခန့် ဈေးမြင့်တက်ခဲ့ပြီး ခေါက်ဆွဲခြောက်၊ ငါးခြောက်၊ ဆီ၊ ဆား စတဲ့ အခြေခံစားသောက်ကုန်ပစ္စည်းတွေကတော့ ကျပ်လေးထောင်ကနေ တစ်သောင်းနီးပါးအထိ ဈေးမြင့်တက်သွားတယ်လို့ ဆိုပါတယ်။
ရေကြီးရေလျှံဖြစ်ချိန် တောင်ပြိုကျတာနဲ့ လမ်းတွေ ပျက်စီးတာကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားပြီး ကုန်စည်စီးဆင်းမှု နည်းသွားတာကြောင့် ကုန်ဈေးနှုန်းတွေ တက်လာတာလို့ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးဒုက္ခသည် မဟယ်လင်က ပြောပါတယ်။
“ကုန်စည်အများစုက နည်းနည်းပါးပါး တက်တယ်။ ဆန်ဆို ဒီနေ့ တစ်အိတ်ကို ကျပ် ၁၂၅,၀၀၀ လောက်အထိ ဖြစ်သွားတယ်။ လေးသောင်းနီးပါး တက်သွားတဲ့သဘော။ ဝယ်ရလည်း ခက်တယ်။ ဆိုင်တိုင်း အခြေခံစားသောက်ကုန်ကို လိုသလောက် ဝယ်မရဘူးပေါ့”
ကုန်ဈေးနှုန်း မြင့်တက်လာတာကြောင့် ဝင်ငွေမရှိဘဲ ရပ်တည်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် စားဝတ်နေရေး ခက်ခဲလာတယ်လို့ သူက ဆိုပါတယ်။
ရေဘေးကြောင့် ဒီးမော့ဆို၊ လွိုင်ကော်နဲ့ ရှမ်းပြည်နယ်၊ မိုးဗြဲမြို့က လယ်ဧက သိန်းနဲ့ချီ ရေဝင်နစ်မြုပ်ခဲ့တာကြောင့် လာလည်း ဆန်ရှားပါးပြတ်လပ်မှုနဲ့လည်း ရင်ဆိုင်ရနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကယားပြည်နယ်ထဲက ထောက်ပံ့ကူညီမှု အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ရာဂီမုန်တိုင်းနဲ့ မိုးကြီးတာတွေကြောင့် မြို့နယ် ခုနစ်ဆယ်မှာ ပဋိပက္ခဒဏ်ကြောင့် နေရပ်စွန့်ခွာနေကြရသူတွေ အပါအဝင် လူဦးရေ တစ်သန်းခန့် ရေဘေးသင့်ခဲ့တယ်လို့ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) အောက်တိုဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။