ဒီးမော့ဆိုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးဒုက္ခသည်တစ်ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရ
2023.08.31

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်အခြမ်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း တစ်ခုအနီးကို စစ်ကောင်စီတပ်က ဩဂုတ်လ ၃၁ ရက် ဒီနေ့မနက် အစောပိုင်းမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ဘေးဒုက္ခသည်တစ်ဦး သေဆုံးပြီး နောက်ထပ် နှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ကရင်နီပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ KNDF သတင်း ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“အဲဒီနေရာက ဒုက္ခသည်တွေစုပြီးနေထိုင်ကြတာ တိုက်ပွဲဖြစ်တာလည်း မရှိဘူးနော်။ ပေါင် ၅၀၀ ဗုံးတွေနဲ့ လာကြဲသွားတာ။ သုံးကြိမ်လောက်ရှိမယ်။ တစ်ယောက် သေသွား တယ်။ နှစ်ယောက် ဒဏ်ရာရသွား တယ်ဗျ”
သေဆုံးသူနဲ့ ဒဏ်ရာရသူအားလုံးဟာ အမျိုးသားတွေဖြစ်ပြီး သူတို့ရဲ့ အမည်နဲ့ အသက်တွေ ကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့ သူက ဆိုပါတယ်။
ဒီလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းတချို့ ပိတ်ထားရပြီး စစ်ဘေးဒုက္ခသည်တွေ ကြားမှာလည်း စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဒီနေ့တစ်ရက်တည်းမှာပဲ ဒီးမော့ဆိုမြို့နယ် အနောက်အခြမ်းကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ လေးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အသေးစိတ် ကိုတော့ မသိရသေးဘူးလို့ KNDF ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ ပြည်နယ် လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ကယားပြည်နယ်အတွင်းက ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းမှာ အခု ဩဂုတ်လအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းသုံး တိုက်ခိုက်မှုတွေ မကြာခဏ လုပ်နေတယ်လို့ KNDF က ပြောပါတယ်။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ဩဂုတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက် မှာတော့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ ကယားပြည်နယ်အတွင်းမှာ အာဏာသိမ်းနှစ်နှစ်ခွဲအတွင်း စစ်တပ်က လေကြောင်းသုံး တိုက်ခိုက်မှု ၅၇၂ ကြိမ်ထိ လုပ်ခဲ့ တယ်လို့ ဖော်ပြထားပါတယ်။