အလုပ်သမားတောင်းဆိုချက် အလုပ်ရှင်လိုက်လျော

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် မြဝတီမင်းကြီးလမ်း စက်မှုဇုန် (၁) ရှိ ဖောင်းဆိုင် အထွေထွေရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်ပိုင် နေတံဆိပ်ဓာတ်ခဲ စက်ရုံက အလုပ်သမား (၁၄၀) ကျော်ဟာ ဒီကနေ့ မနက်ပိုင်းက အခြေခံလုပ်ခလစာ တိုးပေးဖို့အပါအဝင် အလုပ်သမားအခွင့်အရေးတွေကို တောင်းဆိုဆန္ဒပြခဲ့ကြရာ မှာ အလုပ်ရှင်က လိုက်လျောပေးလိုက်တယ်လို့ သိရပါတယ်။

2012.06.20

မြို့နယ် အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေ အပါအဝင် ဒေသတွင်းတာဝန်ရှိတဲ့သူတွေ စက်ရုံကိုရောက်လာပြီး စက်ရုံမန်နေဂျာ ဦးကျော်ဝင်းနဲ့ ဆန္ဒပြအလုပ်သမားတွေအကြား ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက် အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို စက်ရုံတာဝန်ရှိသူတွေဘက်က လိုက်လျောခဲ့တာနဲ့ ပတ်သက်လို့ ဆန္ဒပြအလုပ်သမားတွေနဲ့ နီးစပ်တဲ့ဒေသခံက အခုလိုပြောပါတယ်။

အရာရှိတွေအားလုံးနဲ့ မန်နေဂျာဦးကျော်ဝင်းရယ်၊ ဦးဆောင်တဲ့ အလုပ်သမားတွေရယ် သုံးဦးသုံးဖလှယ် ဆွေးနွေးပြီး (၂) နာရီခွဲမှာ အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို သူတို့ လိုက်လျောပေးလိုက်ပါတယ်။

အခု အလုပ်သမားတွေနဲ့ အားလုံးစာချုပ်လည်း ချုပ်ဆိုပြီးပါပြီ။ တစ်ယောက်ကို မူလ ရတဲ့လစာအပြင် နှစ်သောင်းခြောက်ထောင့်နဲ့ခုနှစ်ရာ ထပ်ပြီးတော့ တိုးပေးပါတယ်။ ကျန်တဲ့ ခံစားခွင့်တွေကို လည်း ပေးမယ်လို့ သူတို့ဘက်က ကတိပေးပါတယ်။

ပြီးတော့ အခု ဆန္ဒထုတ်ဖော်တဲ့ ဦးဆောင်တဲ့သူတွေ အပါအဝင် ဒီအလုပ်ရုံမှာရှိတဲ့ ဝန်ထမ်းတွေအားလုံးကိုလည်း ဘယ်လိုအကြောင်းပြချက်နဲ့မှ မထုတ်ပယ်ပါဘူး ဆိုပြီးတော့ စာချုပ်မှာချုပ်ဆိုထားပါ တယ်။

အလုပ်သမားတွေ အခုဆန္ဒပြတဲ့ နေတံဆိပ်ဓာတ်ခဲစက်ရုံဟာ အလုပ်သမားအသစ်ဆိုရင် တစ်လကို သုံးသောင်းကျပ်ပေးတာဖြစ်ပြီး အများဆုံး လုပ်သက်ရင့် ဝန်ထမ်းအလုပ် သမားအချို့သာ တလကို (၄၅၀၀၀) လေးသောင်းငါးထောင်ရရှိတာ လို့သိရပါတယ်။

ဒါ့အပြင် စက်ရုံတွင်းကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု ညံ့ဖျင်းပြီး သောက်သုံးရေ မသန့်ရှင်းတဲ့အတွက် အလုပ်သမားတွေက သောက်ရေသန့်ထားပေးရန်၊ အခြေခံလစာကို အရင်လစာအပြင် (၃၅၀၀၀) သုံးသောင်း ငါးထောင်ကျပ် ထပ်တိုးပေးရန် လစဉ် ရက်မှန်ကြေး တစ်သောင်းခွဲ တိုးပေးရန် စတဲ့အချက်တွေအပါအဝင် အချက် (၉) ချက်ကို တောင်းဆို ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။